ဖိအားပေးခံနေရတဲ့ ဂျမူးက ရိုဟင်ဂျာတွေ

  • 24 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Mohit kandhari
Image caption ရိုဟင်ဂျာတွေ ဂျမူးက ထွက်သွားလို့ တောင်းဆိုမှုတွေ ရှိ

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ အိန္ဒိယ အနောက်မြောက်ပိုင်းက ဂျမူး နယ်မှာ နေထိုင်နေကြပါတယ်။ သူတို့ထဲက ခြောက်ထောင်လောက်က ဒီမှာ စာရင်းသွင်းထားသူတွေ ဖြစ်ပါတယ်။

တချို့ဆို ဒီမှာ နေကြတာ ၁ဝ နှစ်ကျော်နေပါပြီ။ စက်ရုံလုပ်သား၊ အိမ်အကူ၊ သံတိုသံစ ရောင်းသူ စသဖြင့် အသက်မွေး နေကြပါတယ်။

အခု သူတို့ကို ပြည်နယ်ထဲက ထွက်သွားဖို့ တောင်းဆို လှုပ်ရှားတာတွေ ရှိနေပါတယ်။ သူတို့ကြောင့် ဒီမှာ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ် ဆိုပြီး ဟိန္ဒူ အယူသည်း အုပ်စုတွေက လှုံ့ဆော် နေပါတယ်။

အိန္ဒိယ ဖွဲ့စည်းပုံ အရ ဂျမူးနဲ့ ကက်ရှ်မီးယား မှာ ဘယ်သူမှ အခြေချခွင့် မပေးဘူးလို့ ဆိုပါတယ်။ အိန္ဒိယ ပါကစ္စတန် နယ်စပ် နဲ့ ကပ်နေတဲ့ ဂျမူးမှာ သူပုန်ထ နေတဲ့အတွက် ရိုဟင်ဂျာ မွတ်ဆလင်တွေ ရောက်လာတာကို ပူပန် နေကြတာပါ။

၂ဝ၁၅ က ဒီနယ်မှာ ပစ်သတ်ခဲ့တဲ့ နိုင်ငံခြားသား စစ်သွေးကြွ ၂ ယောက်ထဲက တယောက်က မြန်မာပြည်က ဖြစ်နေတာလည်း လူတွေ စိုးရိမ် စရာ တချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလူဟာ ဂျမူးမှာ နေခဲ့ဖူးလား ဆိုတာကိုတော့ မသိရပါဘူး။

နောက် ဒီနယ်မှာ အိန္ဒိယက ပါကစ္စတန် ခွဲထွက်ပြီး ၁၉၄၇ ကတည်းက နေလာကြတဲ့ ဒုက္ခသည် ၁၉,ဝဝဝ လောက်လည်း ရှိပါတယ်။

ဒီဒုက္ခသည်တွေ မွေးလာကြတဲ့ ဟိန္ဒူနဲ့ ဆစ်ဘာသာဝင် တွေကို အိန္ဒိယ နိုင်ငံသား ပေးပေမယ့် သူတို့ကို ဒီနယ်မှာ အမြဲတမ်း နေခွင့်တော့ မရပါဘူး။ ခုထက်ထိလည်း ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲတွေမှာ ဒီလူတွေ မဲပေးခွင့် မရပါဘူး။

ဓာတ်ပုံ မူပိုင် Mohit kandhari
Image caption ဒေသခံတွေက သူတို့ကို အမြဲကူညီတယ်လို့ပြော

ဒါပေမဲ့ ရိုဟင်ဂျာတွေကြောင့် ဒီဒေသမှာ အစွန်းရောက် ဝါဒ ခေါင်းထောင်လာတာ မရှိကြောင်း ပြည်နယ်ရဲ့ ပြည်ထဲရေး ဝန်ကြီးက ဆိုပါတယ်။

ဒေသခံတွေက သူတို့ ဒီလိုလာနေတဲ့အတွက် ကန့်ကွက်တာလည်း မရှိဘူးလို့ ရိုဟင်ဂျာတွေက ပြောပါတယ်။

သူတို့ကို လာကူတာ၊ လှူဒါန်း ထောက်ပံ့တာတွေ ပဲ ရှိတယ်၊ မနှစ်က သူတို့ ကျူးကျော် ရပ်ကွက် မီးလောင်တော့ ကလေးတွေကို လာကယ်တာ နယ်ခံတွေပဲလို့ ရိုဟင်ဂျာ တွေက ဆိုပါတယ်။

သူတို့ ဒီမှာ တရားမဝင် လာနေတာလည်း မဟုတ်ဘူး၊ ကုလသမဂ္ဂ ထုတ်ပေးတဲ့ ဒုက္ခသည် ကတ်ပြားတွေ ရှိတယ်လို့ ရိုဟင်ဂျာ တွေက ပြောပါတယ်။ ဒါပေမဲ့ သူတို့ကို ဒီလို မုန်းတီးရေး စကားတွေနဲ့ တိုက်ခိုက်ခံရပြီးနောက် သူတို့ကို ရဲက လာစစ်တာလည်း မရှိပါဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ လုံခြုံရေးနဲ့ ဒေသခံတွေ အခွင့်အရေး အတွက် အတိုက်အခံ ပါတီ တွေက ပြည်နယ် အစိုးရကို တိုက်ခိုက်ဖို့ ရိုဟင်ဂျာ ကိစ္စက မီးမောင်းထိုးစရာ ဖြစ်လာနိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ