အဖမ်းခံ အင်ဒိုသူ ဒေါ်လာ ၉၀ ယူပြီး ကင်ဂျုံနမ်အမှုမှာ ပါဝင်ခဲ့

  • 25 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption သူ့ကို ဂျပန်လိုလို ကိုရီးယန်းလိုလို လူ ၂ ယောက်က ဆီတမျိုးကို အမျိုးသားတယောက်ရဲ့ မျက်နှာကို ပွတ်ဖို့ ခိုင်းတာလို့ပြော

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အကို အသတ်ခံရမှုမှာ ပါဝင်ခဲ့တဲ့ အင်ဒိုနီးရှားသူက သူဟာ နောက်ပြောင်မှု ရုပ်သံအစီစဉ်တခု အတွက်ပဲလို့ ယူဆခဲ့တဲ့အတွက် ဒေါ်လာ ကိုးဆယ်ယူပြီး လုပ်ခဲ့ပြီး သူအပြစ်မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

မစ္စ စီတီ အိုင် စီ ရာဟာ သူ့ကို ဂျပန်လိုလို ကိုရီးယန်းလိုလို လူ ၂ ယောက်က ဆီတမျိုးကို အမျိုးသားတယောက်ရဲ့ မျက်နှာကို ပွတ်ဖို့ ခိုင်းတာလို့လည်း မလေးရှားက အင်ဒိုသံတမန်တွေကို ပြောခဲ့ပါတယ်။

မစ္စ အိုင်စီရ ကိုယ်တိုင်ကတော့ ဒီဒြပ်ပေါင်းကို ကိုင်တွယ်ခဲ့ပေမယ့် ဘာမှ ဖြစ်တာ မတွေ့ရဘူးလို့ အာဏာပိုင်တွေက ပြောဆိုထားပါတယ်။

ဒီဆီထဲမှာ ကမ္ဘာ့အပြင်းဆုံး ဓာတုလက်နက် စာရင်းဝင် ဗီအိတ်က်စ် ဒြပ်ပေါင်း ပါနိုင်တယ် ဆိုတဲ့အချက်ကို သေဆုံးသူရဲ့ မျက်လုံးနဲ့ မျက်နှာကို စစ်ဆေးရာက တွေ့ရှိခဲ့တယ်လို့ မလေးရှားရဲချုပ်က ပြောခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး မလေးရှားအာဏာပိုင်တွေ ဖမ်းဆီးတဲ့အထဲမှာ ဗီယက်နမ်အမျိုးသမီးတဦးလည်း ပါဝင်ခဲ့ပြီး သူ့ကိုလည်း ဗီယက်နမ် သံအမတ်က တွေ့ဆုံခဲ့ပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

အသတ်ခံရတဲ့ မစ္စတာ ကင်ဂျုံနမ်ဟာ လေဆိပ်မှာ သူ အရည်တမျိုးနဲ့ အဖြန်းခံရတယ်လို့ ပြောဆိုပြီး ဆေးရုံသွားတဲ့လမ်းမှာပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ကွမ်လာလမ်ပူလေဆိပ်မှာ ဗီအိတ်က်စ်ဓါတ် အကြွင်းအကျန်တွေ ရှိမရှိကို ရဲတွေက ဆက်လက် စစ်ဆေးနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ