ဆီးရီးယား အစိုးရ ထိန်းချုပ်တဲ့ ဟုမ်းစ် မှာ အသေခံ ဗုံးခွဲမှု ဖြစ်

  • 26 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption သူပုန် တွေ လက်အောက် က နေ ဆီးရီးယား အစိုးရ ပြန်လည် ထိန်းချုပ်ထားတဲ့ မြို့

ဆီးရီးယား အပစ်ရပ်ဆွေးနွေးပွဲ ကို ဂျီနီဗာ မှာ ကုလသမဂ္ဂ ဦးစီး ကျင်းပချိန် မှာ ပဲ ဆီးရီးယား ရှိ ဟုမ်းစ်မြို့ ရှိ လုံခြုံရေး တင်းကြပ်မှု ရှိတဲ့ စခန်း နှစ်ခု ဟာ ဖေဖော်ဝါရီလ ၂၅ ရက် စနေနေ့ က အသေခံ ဗုံးခွဲသမား ငါးဦး လက်ချက် နဲ့ အနည်းဆုံး လူ လေးဆယ်ကျော် သေဆုံးခဲ့ရပါတယ်။

ဒီ အသေခံ ဗုံးခွဲသူတွေ ဟာ အယ်လ် ကိုင်အီဒါ အဖွဲ့ခွဲ တဟ်ရီယာ အယ်လ် ရှမ် အကြမ်းဖက် လက်ချက် လို့ သိရပါတယ်။ သေဆုံးသူတွေ အနက် ဒေသဆိုင်ရာ ထောက်လှမ်းရေး အကြီးအကဲ လည်း ပါဝင်ပါတယ်။

ဂျနီဗာ မြို့က ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ ကို တက်ရောက် နေကြတဲ့ သူပုန် အဖွဲ့တွေ အနေနဲ့ ဟုမ်းစ် မြို့မှာ ဖြစ်ခဲ့တဲ့ အသေခံ ဗုံးခွဲ မှုကို ဆန့်ကျင် ကြောင်း ပြသဖို့ လိုအပ်ကြောင်း ဆီးရီးယား အစိုးရ ကိုယ်စားလှယ် က ပြောကြား လိုက်ပါတယ်။

ဒါ့ အပြင် ဆီးရီးယား အစိုးရ အနေနဲ့ ဗုံးခွဲမှု လုပ်ဆောင် ခဲ့တဲ့ အဖွဲ့ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှာ မဟုတ်ဘူးလို့လည်း အစိုးရ ကိုယ်စားလှယ် ဘာရှာ အယ်လ် ဂျာဖရီ က ပြောပါတယ်။

အဓိက သူပုန် အဖွဲ့ကြီး တစ်ခု ကတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကို ဆန့်ကျင် ကြောင်း ပြောကြား ခဲ့ပေမယ့် ဟုမ်းစ် က တိုက်ခိုက်မှု ကို ဦးတည် ပြောဆို တာမျိုးတော့ မလုပ်ခဲ့ပါဘူး။

ဆီးရီးယား ငြိမ်းချမ်းရေး အတွက် ဦးဆောင် ညှိနှိုင်း ပေးနေတဲ့ ကုလသမဂ္ဂ အထူး သံအရာရှိ စတီဖင် ဒီ မစ်တျူရာ ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကို အဓိက ဦးတည်ပြီး ပြောဆို ကြဖို့ နှစ်ဘက် စလုံး ကို တိုက်တွန်း သွား ခဲ့ပါတယ်။

အခုလို အအပစ်ရပ် ငြိမ်းချမ်းရေး ဆွေးနွေးချိန် မှာ အကြမ်းဖက် လုပ်ရပ် လုပ်ပြပေမဲ့ သက်ရောက်မှု မရှိနိုင်ဘူး လို့ မျှော်လင့်တဲ့ အကြောင်း ဆီးရီးယား ဆိုင်ရာ ကုလ အထူးကိုယ်စလှယ် စတီဖန် ဒါ မစ်တူရာ က ပြောပါတယ်။

ဟုမ်းစ်မြို့ ဟာ ဆိုရင် ပြီးခဲ့တဲ့ ၂၀၁၅ ခု ဒီဇင်ဘာလ ကတည်း က အပစ်ရပ် သဘောတူညီချက် အရ အစိုးရ ဆန့်ကျင် တဲ့ သူပုန် တွေ လက်အောက် က နေ ဆီးရီးယား အစိုးရ ပြန်လည် ထိန်းချုပ်ခဲ့တာပါ။

အဓိက သူပုန် အုပ်စု ဘက် က ဒီ ဗုံးခွဲတိုက်ခိုက် မှု ကို ပြစ်တင် ရှုံ့ချခဲ့ပါတယ်။

ဆီးရီးယား အစိုးရ ကလည်း ဒီလို အကြမ်းဖက်မှုမျိုး ကို လက်မခံဘူး ဆိုပြီး ဟုမ်းမ်စ် မြို့စွန် က သူပုန်စခန်းဘက်ဆီ လေကြောင်း တိုက်ခိုက်မှု ပြုပေမဲ့ တဟ်ရီယာ အယ်လ် ရှမ် အကြမ်းဖက်အုပ်စု နဲ့ အဆက်အစပ် မရှိတဲ့ သူပုန်အုပ်စု ခိုအောင်းရာ ဖြစ် တဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ဆဘက်ရှန် အာရှာ က သတင်းပို့ လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ