တောင် ဆူဒန်က ငတ်မွတ်မှုကို UN အရေးပေါ် ကူညီ

  • 27 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အငတ်ဘေး ဒုက္ခသည်တွေ ဟာ ကျွန်းတွေ ဘက် က လာကြတာ

နိုင်ငံတကာ သတင်း ကတော့ တောင်ဆူဒန် နိုင်ငံ မှာ ပြည်တွင်းစစ် က သုံးနှစ် ကြာ လာတာ နဲ့ အမျှ စစ်ဒဏ် က ရှောင်ပုန်းရတဲ့ ဒုက္ခ နဲ့ ပြည်သူ အများစု ဟာ အငတ်ဘေးနဲ့ ရင်ဆိုင်နေကြရပါတယ်။

အဲဒီ အတွက် ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် မှ သူပုန်တွေ ထိန်းချုပ်ရာ နယ်မြေ မှ ဒုက္ခသည် တသိန်း ခန့် ကို အရေးပေါ် အကူအညီ ပေးနိုင်ဖို့ အတွက် သူပုန်တွေ နဲ့ စေ့စပ် ညှိနှိုင်း ရပါတယ်။

ကုလ ဝန်ထမ်းတွေ ကိုယ်တိုင် သွားရောက် ကူညီခွင့် မရတဲ့ အတွက် လေယာဉ် တွေ ပေါ် က ရိက္ခာ ထုပ်တွေ ပစ်ချပေးရတာပါ။

ဒါ ကို ကုလ ဝန်ထမ်းတဦး ဖြစ်တဲ့ ဂျော့ ဖိုမင်ရင် က ပြောပြရာမှာ တော့ ကျနော် တို့ မြင်တွေ့ ရသလောက် အငတ်ဘေး ဒုက္ခသည်တွေ ဟာ ကျွန်းတွေ ဘက် က လာကြတာပါ။

သူတို့ ဟာ စားစရာလည်း မရှိတဲ့ အတွက် ကြာပွင့် တွေ၊ ရေထဲက နွယ်ပင် အမြစ်တွေ ကို တောင် တနေ့တခါ ပဲ စားနေကြတာပါ။ အခြေအနေ က အတော် ဆိုးဝါးပါတယ်။ ကျနော် တို့ အနေနဲ့ ဒီလူတွေ ကို မှန်မှန် ထောက်ပံ့သွားနိုင်ဖို့ မျှော်လင့် ထားပါတယ် လို့ ပြောပါတယ်။

နိုင်းမြစ်ရဲ့ ရွှံ့ညွံ တွေ ဘက် ထွက်ပြေးခိုလှုံကြတဲ့ စစ်ပြေးဒုက္ခသည်တွေ ဟာ အခုလို ကုလ သမဂ္ဂ မှ ရိက္ခာ ဝေနေမှန်း သိရာက ရောက်လာကြတာ ဖြစ်ပါတယ်။

တာဝန်ရှိသူတွေ ဘက်ကလည်း ရိက္ခာ ပံ့ပိုးမှု ရတဲ့ အပေါ် မူတည်ပြီး မိသားစုတွေ အတွက် လက်မှတ်တွေ ထုတ်ပေးပြီး တလစာ ရိက္ခာ ထောက်ပံ့ ပေးနေပါတယ်။

ဒုက္ခသည် တဦး ကဆိုရင်လည်း အိမ်မှာလည်း စားစရာ မရှိပါဘူး၊ ကျမတို့ ဟာ စစ်ဒဏ်ခံ နေရ လို့ ပြဿနာ ပေါင်းစုံ တွေ နေရပါတယ်။ ဒါကြောင်မို့ လုံလောက်တဲ့ အစားအစာ ရရင် ကျမတို့ ရဲ့ ဒုက္ခတွေ ဖြေရှင်း နိုင်မှာပါ လို့ ပြောပါတယ်။

အခုလို ကုလသမဂ္ဂ အနေနဲ့ အကူအညီ ပေးနိုင်တဲ့ အပိုင်းရှိပေမဲ့ အစိုးရ တပ်တွေ နဲ့ သူပုန်တွေ ရင်ဆိုင်တိုက်ပွဲ ဖြစ်တဲ့ အရပ်တွေ မှာ ပိတ်မိ နေတဲ့ အရပ်သားတွေ ကို တော့ မကူညီနိုင်ပါဘူး။

လက်ရှိ ဆူဒန် သမ္မတ ဆာလ်ဗာ ကီယား နဲ့ အတိုက်အခံ လည်းဖြစ် ဒုတိယ သမ္မတ လည်း ဖြစ်ဖူး တဲ့ ရီယက် မာချား တို့ အကြား မှာ အာဏာလု အငြင်းပွား ရာက တိုက်ပွဲ တွေ ဖြစ်လာပြီး သန်းနဲ့ ချီတဲ့ ပြည်သူတွေ ဟာ အိမ်နီးချင်း နိုင်ငံတွေ ဘက် ပြေးလိုပြေး၊ ပြည်တွင်းမှာ ကစင့်ကလျား နဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ဖြစ်နေတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် အလစ်တာလိသ်ဟက်ဒ် က သတင်းပို့ လိုက်ပါတယ်။

ငတ်မွတ် ခေါင်းပါးမှု ဒဏ် ခံစား နေရတဲ့ တောင်ဆူဒန် နိုင်ငံ ကို သွားရောက် ဖို့ စီစဉ် ထားကြောင်း ကက်သလစ် ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်း မင်းကြီး ဖရန်စစ် က ပြောပါတယ်။

အခု ခရီးစဉ် က ငယ်ရွယ်တဲ့ ဘုန်းတော်ကြီးတွေ ရဲ့ တိုက်တွန်းမှု ကြောင့် ဖြစ်ပြီး အင်္ဂလိကန် သာသသနာ ပိုင် ကလည်း ဘေးဒုက္ခတွေ ခံစား နေရတဲ့ တောင် ဆူဒန် ကို သွားရောက်ဖို့ တိုက်တွန်း ခဲ့ကြောင်း ပုပ်ရဟန်း မင်းကြီး က ပြောကြား ခဲ့ပါတယ်။

အခု ခရီးစဉ် ကို ဗြိတိန် နိုင်ငံက အင်္ဂလိကန် သာသနာပိုင် ဂျပ်စတင် ဝဲလ်ဘီ လည်း လိုက်ပါမှာ ဖြစ်ကြောင်း ပုပ်ရဟန်း မင်းကြီး က ပြောပါတယ်။

ဒါပေမယ့် တောင် ဆူဒန် ခရီးစဉ်ဟာ လုံခြုံရေး အားနည်းမှု ကြောင့် တစ်ရက် ထဲ သာ ကြာမြင့် မယ်လို့ ပုပ်ရဟန်း မင်းကြီး ဖရန်စစ် က ဆိုပါတယ်။

ပြည်တွင်း စစ်နဲ့ ငတ်မွတ် ခေါင်းပါးမှု ဘေးကို ကြုံတွေ့ နေရတဲ့ တောင်ဆူ ဒန် ကို သွားရောက်ဖို့ အတွက် နိုင်ငံရဲ့ ခရစ်ယာန် အကြီးအကဲ က သူ့ကိုယ် တိုက်တွန်း ပြောကြား ခဲ့ကြောင်း ပုပ်ရဟန်း မင်းကြီး က ပြောကြား သွားခဲ့ပါတယ်။