ဆမ်ဆောင်း အကြီးအကဲကို စွဲချက်တင်မယ်

  • 28 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဆမ်ဆောင်း အကြီးအကဲ လီဂျေရွန်း

လာဘ်ပေးမှု တွေနဲ့ စွပ်စွဲခံနေရပြီး ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အဖမ်းခံခဲ့ရတဲ့ ဆမ်ဆောင်း အကြီးအကဲ Lee Jae-yong လီဂျေရွန်း နဲ့ တခြား အမှုဆောင် အရာရှိတွေကို တရားလို ရှေ့နေတွေက စွဲချက် တင်ဖို့ ကြိုးစားနေပါတယ်။

မစ္စတာ လီဂျေရွန်း ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ရ ရက်နေ့တုန်းက အဂတိလိုက်စားမှု ၊ အလွဲသုံးစားမှု တွေနဲ့ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ကို ဖမ်းဆီးခွင့် ပေးဖို့ ပန်ကြားမှုကို ပြီးခဲ့တဲ့ လက တရားရုံး တခုက ပယ်ချခဲ့ ပေမယ့် နောက်ပိုင်းမှာ သက်သေ အထောက် အထားအသစ် ပေါ်ထွက်လာလို့ ဖမ်းဆီးခဲ့ပြီး တရား၀င် စွဲချက်တင်ဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။

ဒီအမှု ကနေ သမ္မတ ပတ်ဂွမ်ဟေးကို စွပ်စွဲ ပြစ်တင် အရေးယူဖို့ အထိ ဖြစ်လာတော့မှာပါ ။

အစိုးရ ဆီက လက်သိပ်ထိုး လုပ်ငန်း ခွင့်ပြုချက်တွေ ရဖို့ ဆမ်ဆောင်း ကုမ္ပဏီဟာ သမ္မတ ပက်ဂွမ်ဟေးရဲ့ အကြံပေး တယောက် ဖြစ်တဲ့ ချိုင်ဆွန်ဆေး တည်ထောင်ထားတဲ့ လူမှု ကယ်ဆယ်ရေး ပရဟိတ အဖွဲ့ကို အလှူငွေ အမြောက်အမြား ပေးခဲ့တယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။

မစ္စတာ လီဂျေရွန်းနဲ့ အတူ တခြား ဆမ်ဆောင်း ကုမ္ပဏီ အမှုဆောင် အရာရှိ လေးယောက်ကိုလည်း တရားစွဲမှာ ဖြစ်တယ်လို့ တောင်ကိုရီးယား နိုင်ငံရဲ့ အထူး တရားလို ရှေ့နေရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။

သူတို့ကတော့ ဆမ်ဆောင်းရဲ့ ဒုတိယ ဥက္ကဌ လီဂျေရွန်း၊ တခြား အမှုဆောင် အရာရှိတွေ ဖြစ်တဲ့ ပတ်ခ် ဆန်ဂျင်း ၊ ချွိုင်ဂီဆန်း ၊ ချန်ချုံကီး နဲ့ ဟွမ်ဆန်ဆိုး ဖြစ်ပါတယ်။

လာဘ်ပေးမှု ၊ စီးပွားရေး ဆိုင်ရာ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ ချိုးဖောက်မှု၊ အလွဲသုံးစားမှု၊ ပြည်ပမှာ ငွေကြေး ဖုံးကွယ်ထားမှုနဲ့ တခြား ပြစ်မှုတွေ အတွက် သူတို့ကို စွဲချက် တင်တော့မှာ ဖြစ်ပါတယ် ။

သူတို့ကတော့ ဘာမှ အမှားအယွင်း မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားပြီး အမှန်တရား ပေါ်ပေါက်အောင် အကောင်းဆုံး ကြိုးစားသွားမယ်လို့ ပြောခဲ့ ပါတယ်။

သမ္မတ အကြံပေး ဆိုတဲ့ ချွိုင် ဆွန်း ဆေလ် Choi Soon-sil ဆိုသူ အမျိုးသမီးဟာ ဂမ္ဘီရ ဆရာ တစ်ယောက်ရဲ့ သမီး ဖြစ်သလို သူ့ဖခင်နဲ့ လက်ရှိ သမ္မတရဲ့ ဖခင် တို့ဟာ မိသားစုချင်း ရင်းနှီးကြ ပါတယ်။

ဒါ့အပြင် မစ္စချွိုင် ဟာ သမ္မတ ပါ့ခ် ရဲ့ အစိုးရ လုပ်ငန်း ကိစ္စတွေမှာ ပါဝင် စွက်ဖက်ခဲ့ တယ်လို့ ပြောဆိုမှုတွေ ရှိပြီး သမ္မတရဲ့ မိန့်ခွန်း တချို့ကိုတောင် သူက ပြင်ဆင်ခဲ့ဖူးတယ်၊ သမ္မတ ပါ့ခ်ဂွန်ဟေး ဝတ်ဆင်ဖို့ အရောင် ရွေးတာမျိုးကနေ မူဝါဒ ရေးရာလို ကြီးမားတဲ့ ကိစ္စတွေမှာပါ မသူ့ ရဲ့ လွှမ်းမိုးမှုက ကြီးမား တယ်လို့ ပြောကြပါတယ်။

အခုလို သမ္မတနဲ့ ဆက်စပ်နေတဲ့ အမျိုးသမီး ဦးဆောင်တဲ့ အဖွဲ့ကို ငွေပေးလှူမှုနဲ့ ဆမ်ဆောင်း အကြီးအကဲကို ပြီးခဲ့တဲ့ လ ဇန္နဝါရီ ကတည်းက စစ်ဆေး မေးမြန်းနေတာပါ။

တရားလို ရှေ့နေတွေကတော့ မစ္စတာ လီးဟာ သမ္မတရဲ့ မိတ်ဆွေ မစ္စချွိုင်ရဲ့ ပရဟိတ အဖွဲ့ကို အမေရိကန် ဒေါ်လာ ၃၆သန်း လှူဒါန်းခဲ့ပြီး ဆမ်ဆောင် ကုမ္ပဏီ အတွင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ရာမှာ အစိုးရ ထောက်ခံမှု ရစေဖို့ ရည်ရွယ် ပေးအပ်ခဲ့တာ လို့ စွပ်စွဲထားပါတယ်။

အခုလို သူအဖမ်းခံရတဲ့ အတွက်ကြောင့် ဆမ်ဆောင်းရဲ့ ရေတို ထုတ်လုပ်မှု အပိုင်းတွေ အပေါ် သက်ရောက်မှု မရှိပေမယ့် ရေရှည် စီမံကိန်း တွေကိုတော့ ထိခိုက်နိုင်တယ်လို့ သုံးသပ်သူတွေက ပြောနေကြ ပါတယ်။