ဆီးရီးယားကို ဒဏ်ခတ် ပိတ်ဆို့ဖို့ အဆိုကို ရုရှားနဲ့ တရုတ် ဗီတိုသုံး ပယ်ချ

  • 1 မတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချတာ ၇ကြိမ်မြောက် ရှိသွားပြီ။

ဆီးရီးယား အစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြဌာန်းဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးအတွင်း ကြိုးစားခဲ့မှုတခုကို ရုရှားနဲ့ တရုတ်တို့က ဗီတိုအာဏာ သုံးပြီး ကန့်ကွက်လိုက်ပါတယ်။

သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ဓါတုလက်နက်တွေ သုံးပြီး တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆီးရီးယား အစိုးရကို အပြစ်ပေး အရေးယူဖို့ အမေရိကန်၊ ဗြိတိန်နဲ့ တခြားနိုင်ငံတွေက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ အဆိုပြု တင်ပြခဲ့ကြတာပါ။

ခုတကြိမ်နဲ့ ဆိုရင် ဆီးရီးယား သမ္မတ အားဆာ့တ် အစိုးရကို နိုင်ငံတကာရဲ့ ပြစ်တင်မှုကနေ ကာကွယ်ဖို့ ရုရှားအစိုးရက ဗီတို အာဏာ သုံးပြီး ပယ်ချခဲ့တာ ၇ကြိမ်မြောက် ရှိသွားပြီ ဖြစ်ပါတယ်။

ဒီလို ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်မယ် ဆိုရင် ဆီးရီးယား အစိုးရနဲ့ အတိုက်အခံတွေအကြား လောလောဆယ် လုပ်နေတဲ့ ဂျီနီဗာမြို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ထိခိုက်သွားစေနိုင်တယ်လို့ ရုရှားသမ္မတ ပူတင်က စောဒကတက် ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley ကတော့ တရုတ်နဲ့ ရုရှားတို့ဟာ ပြောမပြတတ်လောက်အောင် တရားလွန်တဲ့ ရွေးချယ်မှုတခုကို ဒီကနေ့ လုပ်သွားခဲ့ကြောင်း၊ ဓါတု လက်နက်သုံးတဲ့ ဘရှား အယ်လ် အားဆာ့တ် အစိုးရကို တာဝန်ခံခိုင်းဖို့ သူတို့ငြင်းဆန်ခဲ့ပြီး အားဆာ့တ် အစိုးရတပ်ဖွဲ့တွေ ကြဲချလိုက်တဲ့ အဆိပ်ငွေ့တွေကြောင့် သေကုန်ကြရတဲ့ အမျိုးသား၊ အမျိုးသမီး ကလေးငယ်တွေကို သူတို့ မျက်နှာလွှဲ လစ်လျူရှုထားကြကြောင်း ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ