ကွန်ဂရက် မှာ ပထမဆုံးအကြိမ် ထရမ့် မိန့်ခွန်း ပြော

  • 2 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption ပါတီကြီး နှစ်ခုလုံးနဲ့ အတူ လက်တွဲ အလုပ် လုပ်ဆောင်သွားမယ်လို့ ဆိုပြီး ညီညွတ်ရေးကိုလည်း တောင်းဆိုခဲ့

အမေရိကန်ရဲ့ စိတ်ဓာတ် ဝိညာဉ်တွေ ပြန်လည် အသက်သွင်းနေတာကို အမေရိကားဟာ မျက်ဝါးထင်ထင် မြင်တွေ့စေရမယ်လို့ ကွန်ဂရက်လွတ်တော်မှာ ပထမဆုံး ပြောကြားတဲ့ သူ့ရဲ့ မိန့်ခွန်းမှာ သမ္မတသစ် ဒေါ်နယ်ထရမ့်ဟာ ဆိုသွားခဲ့ပါတယ်။

သမ္မတ ထရမ့် ဟာ အကောင်းမြင် ပျော်ရွှင်နေတဲ့ လေသံ အပြည့်နဲ့ ကြီးမြတ်တဲ့ အမေရိကားရဲ့ အခန်းကဏ္ဍသစ် ဖွင့်လှစ်ရေး အကြောင်း ဆိုသွားခဲ့ပါတယ်။

သူ့ အစိုးရအဖွဲ့ဟာ အမေရိကန်က ပါတီကြီး နှစ်ခုလုံးနဲ့ အတူ လက်တွဲ အလုပ် လုပ်ဆောင်သွားမယ်လို့ ဆိုပြီး ညီညွတ်ရေးကိုလည်း တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် ကွန်ဂရက်ထဲမှာ အစုအဖွဲ့ နှစ်ခု ကွဲပြားနေတာကတော့ ထင်ရှားခဲ့ပါတယ်။ သမ္မတထရမ့်ရဲ့ မိန့်ခွန်းကို ဒီမိုကရက်တစ်တွေကတော့ အထင်ကြီးပုံ မရပါဘူး။ မတ်တပ်ရပ်ပြီး အားပေး လက်ခုပ်တီးမှုတွေ မလုပ်ခဲ့ပါဘူး။ ဒီမိုကရက်တစ် အမျိုးသမီး အမတ်တွေဟာ အမျိုးသမီးမဲပေးပိုင်ခွင့် တောင်းဆိုကြတဲ့ ခေတ်တုန်းက အမှတ်အသား အဖြစ် အသုံးပြုလေ့ရှိတဲ့ အဖြူရောင် အင်္ကျ ီ ဆင်တူတွေကို ဝတ်ဆင်ထားကြပါတယ်။

ဒီမိုကရက်တစ် အမတ်ထဲက အနည်းဆုံး တဒါဇင်လောက်ဟာ သူတို့နဲ့ အတူ အမေရိကန်ကို တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်း မရှိဘဲ ကလေး ဘဝက ရောက်လာခဲ့သူ လူငယ်လူရွယ်တွေကိုလည်း ဧည့်သည် အဖြစ် ဒီ ကွန်ဂရက် သမ္မတ မိန့်ခွန်း ပွဲကို ခေါ်ဆောင်လာခဲ့ကြပါတယ်။

သမ္မတ ထရမ့်ဟာ အိုဘားမားလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကိုလည်း လွှတ်တော်က ပါတီ နှစ်ဘက်လုံး ပူးပေါင်းပြီး ပယ်ဖျက် ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

သမ္မတ မိန့်ခွန်း ထဲမှာ နှစ်ဘက်စလုံးက ယေဘုယျ သဘောတူညီကြတဲ့ အချက်အလက်တွေလည်း ရှိခဲ့ပါတယ်။

အမေရိကန် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် အင်ဂျင်စက်တွေ ပြန်လည် ခုတ်မောင်း နှိုးဆွရမယ်၊ တိုင်းပြည် မှာ ရင်းနှီးမြှပ်နှံလိုသူတွေ လာရောက်ဖို့ လွယ်ကူအောင် ပြင်ဆင်ရမယ်၊ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ နိုင်ငံပြင်ပ ထွက်မသွားစေဖို့လည်း ကြံဆောင်ရမယ် လို့ သမ္မတ ထရမ့် က ပြောကြားရာမှာတော့ ထရမ့် ကို အပြင်းအထန် ဝေဖန် ဖူးခဲ့တဲ ဒီမိုကရက်တစ် လွှတ်တော် အမတ် ဘာနီဆန်းဒါး အပါအဝင် ပြိုင်ဘက်ပါတီက အမတ်တွေလည်း လက်ခုပ်တီးပေးခဲ့ကြပါတယ်။

ဒါ့အပြင် ဒီ ကွန်ဂရက် မိန့်ခွန်း အခမ်းအနားကို အထူး ဖိတ်ကြားခံရလို့ တက်ရောက်နေတဲ့ ထရမ့် အစိုးရ လက်ထက် ယီမင်က အယ်လ်ကိုင်းဒါး စခန်းချေမှုန်းစစ်ဆင်ရေး တခုမှာ အရင်လက ကျဆုံးခဲ့တဲ့ ရေတပ် အထူးတပ်ဖွဲ့ဝင် ဝီလျံရိုင်ယန်အိုဝင်စ်ရဲ့ ကျန်ရစ်သူ ဇနီးကို သမ္မတက ဂုဏ်ပြု စကား ဆိုရာမှာတော့ နှစ်ဖက်လုံးက လွှတ်တော် အမတ်တွေအားလုံး မတ်တပ်ရပ် လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။