ရွေးကောက်ပွဲမှာ ရုရှား၀င်စွက်တယ်ဆိုတဲ့ ကိစ္စ စုံစမ်းစစ်ဆေးမှုကနေ အမေရိကန် ရှေ့နေချုပ် ရှောင်ထွက်

  • 3 မတ် 2017

ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှားတွေနဲ့ အဆက်အသွယ် မရှိဘူးလို့ ဆီးနိတ်လွှတ်တော်မှာ မစ္စတာ Sessions ကျမ်းကျိန်ခဲ့

အမေရိကန် ရှေ့နေချုပ် Jeff Sessions က ပြီးခဲ့တဲ့နှစ် သမ္မတရွေးကောက်ပွဲမှာ ရုရှား ပါဝင် စွက်ဖက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးမှုမှာ သူမပါအောင် လုပ်မယ်လို့ ပြောကြားလိုက်ပါတယ်။

အဲဒီကိစ္စကို ယာယီ လက်ထောက် ရှေ့နေချုပ်ကပဲ ကိုင်တွယ်ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

မနှစ်တုန်းက ရုရှား သံအမတ်ကြီးနဲ့ သူနှစ်ကြိမ်တိုင်တိုင် တွေ့ခဲ့ကြောင်း ပေါ်ထွက်လာခဲ့အပြီးမှာ သူ့ကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မဲဆွယ်စည်းရုံးစဉ်ကာလအတွင်း ရုရှားတွေနဲ့ ဆက်သွယ် စကားပြောမှုတွေ မရှိခဲ့ဘူး ဆိုပြီး မစ္စတာ Sessions က ဆီးနိတ်လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုထားခဲ့တာ ဖြစ်ပါတယ်။

ရုရှား သံအမတ်ကြီးကို သူတွေ့ခဲ့တဲ့ အချိန်က သူဟာ ဆီးနိတ်လွှတ်တော် အမတ်တဦးအနေနဲ့သာ တွေ့ခဲ့တာ ဖြစ်ပြီး မစ္စတာ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးသူ အနေနဲ့ တွေ့ခဲ့တာ မဟုတ်ဘူးလို့ မစ္စတာ Sessions က ပြောပါတယ်။

သူက ဆီးနိတ်လွှတ်တော်မှာ သူလိမ်ပြောခဲ့တာ မဟုတ်ကြောင်း၊ အဲဒီတုန်းက သူနားလည်သလို ဖြေခဲ့တဲ့ အဖြေဟာ ရိုးသား မှန်ကန်တယ်လို့ ပြောပါတယ်။