ဘီဘီစီအဖွဲ့ မှားယွင်းကြောင်း တရုတ် အာဏာပိုင်တွေက လက်မှတ် ရေးထိုးခိုင်း

  • 3 မတ် 2017
Image caption ကိုယ်ထိလက်ရောက် ရန်မူခံ ခဲ့ရ

တရုတ်နိုင်ငံထဲမှာ ဘီဘီစီ အဖွဲ့ဟာ တရားမဝင် သတင်းရယူဖို့ ကြိုးစားခဲ့ကြောင်း အာဏာပိုင်တွေက အတင်းအကြပ် ဝန်ခံ လက်မှတ် ရေးထိုး စေခဲ့ပါတယ်။

တရုတ် အစိုးရနဲ့ကြား မြေယာ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ သတင်းနောက် လိုက်နေတဲ့ ဘီဘီစီ သတင်းအဖွဲ့ဟာ အင်တာဗျူး ပြုလုပ်ဖို့ ချိန်းဆိုထားသူ အမျိုးသမီး တစ်ဦးနဲ့ တွေ့ဆုံဖို့ ကျေးရွာတစ်ခုကို လိုက်အသွား အဲဒီမှာ လူအုပ်လိုက် အဝိုင်း ခံခဲ့ရပြီး၊ ကိုယ်ထိလက်ရောက် ရန်မူခံ ခဲ့ရသလို ကင်မရာ အားလုံးလည်း ရိုက်ခွဲ ခံခဲ့ရတယ်လို့ ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ဘီဘီစီ သတင်းထောက် ဂျွန် ဆာ့ဒ်ဝါ့သ်က ပြောပါတယ်။

တရုတ် နိုင်ငံ အတွင်း ကာလ အတန်ကြာ သတင်း ရယူခဲ့တဲ့ အတွေ့အကြုံတွေထဲ အဆိုးရွားဆုံး ရန်ပြု ခံခဲ့ရတာ ဖြစ်သလို၊ မှားယွင်းကြောင်း အတင်းအကြပ် ဝန်ခံ လက်မှတ် ရေးထိုး ခိုင်းတာ လည်း ခံခဲ့ရတာ ဖြစ်တယ်လို့ ဂျွန် ဆာ့ဒ်ဝါ့သ်က ဆိုပါတယ်။

ရွာက ပြန်အထွက်မှာလည်း လူအုပ်က နောက်က လိုက်လာပြီး၊ ဘီဘီစီ အဖွဲ့ရဲ့ ကားကို လူ အယောက် ၂ဝ လောက် ရှိမယ့် လူအုပ်က ဝိုင်းခဲ့ ကြပါတယ်။

လူအုပ်ထဲ ယူနီဖောင်း ဝတ်ဆင်ထားတဲ့ ရဲတချို့ ပါဝင်သလို၊ ဒေသခံ နိုင်ငံခြားရေးရာ တာဝန်ခံ အရာရှိ နှစ်ယောက်လည်း ရှိနေပြီး သူတို့က ဘီဘီစီ အဖွဲ့ကို မှားယွင်းကြောင်း လက်မှတ် ရေးထိုး ခိုင်းခဲ့တာပါ။

ပြန်လည် ညှိနှိုင်း ပြောဆိုခွင့် မပြုပဲ တစ်ဘက်သတ် ပြုမူတာ ခံခဲ့ရပြီး၊ လက်မှတ် ရေးထိုး ခဲ့လို့လည်း အဲဒီရွာက ပြန်ထွက် လာနိုင်တာ ဖြစ်တယ်လို့ ဂျွန် ဆာ့ဒ်ဝါ့သ်က ပြောပါတယ်။

ရည်ရွယ်ထားတဲ့ အင်တာဗျုး အထမမြောက် ခဲ့ပေမယ့် တရုတ် နိုင်ငံထဲ အုပ်ချုပ်သူတွေဟာ အာဏာကို အလွန်အကျွံ သုံးစွဲတာကို အခု အဖြစ်အပျက် က အထင်ရှားဆုံး ဖော်ပြနေတယ်လို့ ဂျွန် ဆာ့ဒ်ဝါ့သ်က ဆိုပါတယ်။