ချီကာဂိုမြို့ သေနတ်မှုခင်းတွေ နည်းပညာသုံး ဖြေရှင်းမယ်

  • 3 မတ် 2017
Image caption အခင်းဖြစ်ရာ နေရာ အတိတကျကို စမတ်ဖုန်းတွေ ကနေ တဆင့် ချက်ခြင်း သိရှိနိုင်

အမေရိကန် မြို့ကြီးတွေထဲ သေနတ် အသုံးပြု သတ်ဖြတ်တာတွေ အမြင့်မားဆုံး ဖြစ်ပေါ် နေတဲ့ ချီကာဂိုမှာ နည်းပညာသုံးပြီး မှုခင်းတွေကို ထိန်းချုပ် နိုင်ဖို့ ကြိုးစား နေပါတယ်။

ရှော့စပေါ့တာ လို့ နာမည် ပေးထားတဲ့ ကွန်ပျူတာ အပလီကေးရှင်းနဲ့ ချိတ်ဆက် ထားတဲ့ ထောက်လှမ်းရေး အာရုံခံ ကိရိယာတွေကို မှုခင်း အထူပြောဆုံး နယ်မြေ နှစ်ခုမှာ ဒေါ်လာ ၁ သန်းဖိုး အထိ သုံးစွဲပြီး တပ်ဆင် နေပါတယ်။

သေနတ်ပစ်ခတ်မှု ဖြစ်ပေါ်ပြီ ဆိုတာနဲ့ ရှော့စပေါ့တာ အပလီကေးရှင်းကြောင့် ရဲတပ်ဖွဲ့ဟာ အခင်းဖြစ်ရာ နေရာ အတိတကျကို ချက်ခြင်း ဆိုသလို လက်ကိုင် စမတ်ဖုန်းတွေ ကနေ တဆင့် သိရှိနိုင်မှာ ဖြစ်ပါတယ်။

ချီကာဂို မြို့မှာ အခု နှစ်ဆန်း ဇန်နဝါရီ တစ်လ တည်းမှာတင် လူသတ်မှု ၅၁မှု ဖြစ်ခဲ့တဲ့ အတွက် မြို့တော် အာဏာပိုင်တွေ အနေနဲ့ အခြေအနေကို မထိန်းချုပ် နိုင်ဘူး ဆိုရင် ဗဟို အစိုးရဘက်က လုံခြုံရေး အရာရှိတွေ တိုက်ရိုက် စေလွှတ် ရလိမ့်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က သတိပေး ထားပါတယ်။

အခုဆိုရင် အမေရိကန် မြို့ကြီးပေါင်း ၁ဝဝ နီးပါးဟာ ရှော့စပေါ့တာ အပလီကေးရှင်းကို အသုံးပြု နေကြပါတယ်။