မိုဆူးလ်မှာ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုဖြစ်

  • 3 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အိုင်အက်စ်တွေ ဓာတုလက်နက်သုံးလာနိုင်မှာကို ကြိုတင်ခန့်မှန်းပြင်ဆင်မှုတွေ ရှိထားခဲ့

အီရတ်နိုင်ငံ မိုဆူးလ်မြို့မှာ တစ်လသားကလေးငယ် တစ်ယောက်အပါအဝင် အရပ်သား ၁၂ ယောက်တို့ ဓာတုလက်နက်နဲ့ အတိုက်ခံရလို့ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

မိုဆူးလ်မြို့ဟာ သူတို့ကိုယ်သူတို့ အစ္စလာမ်မစ်နိုင်ငံလို့ ခေါ်တဲ့ အိုင်အက်စ်အဖွဲ့ ထိမ်းချုပ်ထားလို့ အီရတ်စစ်တပ်တွေက မြို့ကို ပြန်ရဖို့ အပြင်းအထန် တိုက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ကတော့ အိုင်အက်စ်တွေ ထိမ်းချုပ်ထားတဲ့ မိုဆူးလ်အနောက်ဖက်ခြမ်းက ပစ်လိုက်တယ်လို့ ယူဆရတဲ့ ဗုံးဆံတွေ အရှေ့ဖက်ခြမ်းက အရပ်သားတွေရဲ့ နေအိမ်တွေပေါ်ကျလာပြီး ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ မိုဆူးလ်နားက အာဘီလ်မြို့မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဝိုင်ယာဒေးဗီးစ်က ပြောပါတယ်။

ပေါက်ကွဲပြီးပြီးချင်း အနံ့ဆိုးကြီး ထွက်လာတယ်လို့ အရပ်သားတွေက ပြန်ပြောကြတဲ့အကြောင်း အဲဒီဒေသမှာ ရှိနေတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ အိုင်စီအာစီက ဆရာဝန်တစ်ယောက်က ပြောပါတယ်။

ဗုံးဆံတွေကျ အပြီးမှာ လူတွေဟာ အသက်ရှုမရတော့တာ၊ အော့အန်တာတွေ ဖြစ်လာပြီး အရေပြားပေါ်မှာ အဖုအပိမ့်တွေ ထွက်လာတယ်လို့ ဆိုပါတယ်။ ၁၂ နှစ်သားလေး တစ်ယောက်ဆို တော်တော်ဆိုးဆိုးဝါးဝါး ခံနေရတယ်လို့ ဆိုပါတယ်။ အခုတော့ ဒဏ်ရာရထားသူတွေကို မိုဆူးလ်မြို့နားက ရိုဇာဝါဆေးရုံကို တင်ထားလိုက်ပြီလို့ အိုင်စီအာစီရဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ဒါရိုက်တာ ရောဘတ်မာဒီနီက ပြောပါတယ်။

လူနာတွေဟာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်။ ဒါပေမယ့် သူတို့ကို ကုသပေးနေပါပြီ။ တခြားလူတွေကို အဆိပ်မသင့်အောင်လည်း ဆေးရုံကို သန့်စင်ထားပါတယ်လို့ သူကဆိုပါတယ်။

ဒီဓာတုလက်နက်ဟာ ဘယ်လို လက်နက်လည်း၊ ဘယ်သူက သုံးတာလည်းဆိုတာကိုတော့ အတိအကျ စုံစမ်းဖော်ထုတ်တာ မရှိသေးပါဘူး။ ဘယ်လို ဓာတုလက်နက်မျိုးကို မဆို မသုံးရလို့ နိုင်ငံတကာ ဥပဒေက ပြဌာန်းထားပါတယ်။ မိုဆူးလ်မြို့စစ်ပွဲကြီး မစခင်ကတည်းက အိုင်အက်စ်တွေဟာ မာ့စတပ်ဓာတ်ငွေ့နဲ့ ကလိုရင်းဓာတ်ငွေ့သုံးလက်နက်တွေ ထုတ်လုပ်နေတယ်လို့ အီရတ်စစ်ဖက်က ပြောဖူးပါတယ်။ ဒါပေမယ့် ဒီစစ်ပွဲမှာ ဓာတုလက်နက်သုံးတယ်ဆိုတာကို ကြက်ခြေနီအဖွဲ့က ထုတ်ပြောတာတော့ အခုအကြိမ်ဟာ ပထမဆုံးဖြစ်ပါတယ်။

ဗြိတိသျ စစ်တပ်အရာရှိဟောင်းနဲ့ ဓာတုလက်နက်ကျွမ်းကျင်သူ ဟာမစ်ရှ်ဘရက်တန်ဂေါ်ဒန်ကတော့ အိုင်အက်စ်တွေ အရင်ကလည်း ဓာတုလက်နက်တွေ သုံးဖူးတယ်လို့ ပြောပါတယ်။

သူတို့က အရေပြားကို ဖူးယောင်လောင်ကျွမ်းစေတဲ့ ဓာတုပစ္စည်းတွေ သုံးတယ်၊ ကာ့ဒ်တပ်ဖွဲ့ ပက်ရှ်မာဂါတွေရှိတဲ့ဆီလည်း ဒီလို ဓာတ်ငွေ့လက်နက်တွေနဲ့ ပစ်ဖူးတယ်။ သူကိုယ်တိုင် ရှိနေခဲ့တဲ့အချိန်မှာ ပစ်တာလို့ ပြောပါတယ်။

အိုင်အက်စ်တွေ ဓာတုလက်နက်သုံးလာနိုင်မယ်ဆိုတာကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ကြက်ခြေနီအဖွဲ့တွေက အီရတ်က ဆေးရုံတွေမှာ အထူးကာကွယ်ရေး ဆေးပစ္စည်းတွေ ပို့ပေးထားပြီး ဒေသခံ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း လေ့ကျင့်သင်တန်းတွေ ပေးထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ