ရာသီဥတုစောင့်ကြည့်မယ့် အမေရိကန်က အဖွဲ့တွေ ရန်ပုံငွေ ဖြတ်ခံရနိုင်

  • 4 မတ် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကို လက်မခံတဲ့ ပြောဆိုမှုတွေ လုပ်ခဲ့ဖူး

အမေရိကန် အစိုးရဟာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုတွေကို စောင့်ကြည့်မယ့် အဖွဲ့အစည်းတွေကို ရန်ပုံငွေ ဖြတ်တောက်ဖို့ စဉ်းစားနေတယ်လို့ အမေရိကန် သတင်းဌာနတွေက ပြောပါတယ်။

ဝါရှင်တန်ပို့စ် သတင်းစာက သူတို့ဟာ အခုလို ဖြတ်တောက်ဖို့ ညွှန်ကြားစာ တခုကို ရရှိထားပြီး ဒီစာက အချက်တွေ ပြောင်းလဲမှု ရှိနိုင်တယ်လို့လည်း အိမ်ဖြူတော် ဝန်ထမ်းတယောက်က ပြောကြောင်း သတင်းဖော်ပြထားပါတယ်။

ဒီညွှန်ကြားစာအရ ရာသီဥတု ပြောင်းလဲမှုကို စောင့်ကြည့် ခန့်မှန်းတဲ့ သမုဒ္ဒရာနဲ့ လေထုဆိုင်ရာ အဖွဲ့အစည်းရဲ့ ဂြိုဟ်တုပိုင်း ဌာနအတွက် ရန်ပုံငွေကို အဓိက ဖြတ်တောက်မယ်လို့ ဖော်ပြထားပါတယ်။

ရေနဲ့ လေ အရည်အသွေးကောင်းမွန်ရေး တာဝန်ယူထားတဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအဖွဲ့ အီးပီအေ ကိုလည်း အစိုးရက ရန်ပုံငွေ လျှော့ဖို့ စဉ်းစားနေတယ်လို့ အေပီ သတင်းဌာနက ပြောပေမယ့် အီးပီအေဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ပါဘူး။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကို လက်မခံတဲ့ ပြောဆိုမှုတွေ လုပ်ခဲ့ဖူးသလို သမ္မတဖြစ်လာကာစကလည်း အိမ်ဖြူတော် ဝက်ဘ်ဆိုဒ်မှာ ဒီကိစ္စနဲ့ ဆက်စပ်တဲ့ အပိုင်းတွေကို မဖော်ပြပဲ ထားတာကိုလည်း လုပ်ခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ