စွပ်စွဲ ခံထားရတဲ့ ပြင်သစ် သမ္မတလောင်း နှုတ်ထွက်ဖို့ မရှိ

  • 6 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption ပဲရစ်မြို့လယ် က မဲဆွယ်စည်းရုံးပွဲမှာ လူပေါင်း ၄၀၀၀၀ ခန့် တက်ရောက်တဲ့ အတွက် ဖရန်ဆွာ ဖီယွန်း အားတက်

ပြင်သစ်နိုင်ငံ မှ သမ္မတ ရွေးကောက်ပွဲလည်း မကြာခင် မေလ လဆန်းပိုင်း မှာ ကျင်းပတော့မှာ မို့ နိုင်ငံရေး ပါတီ အသီးသီး က သမ္မတ လောင်းတွေ ရဲ့ အမည်စရင်းတွေ သီတင်း နှစ်ပတ် အတွင်း ထုတ်ပြန် ရတော့ မှာပါ။

ဗဟို လက်ျာယိမ်း ဝါဒီ ရီပတ်ဘလီကန် ပါတီ သမ္မတလောင်း ဖရန်ဆွာ ဖီယွန်း က ပဲရစ်မြို့လယ် မှာ လူထုအစည်းအဝေး မဲဆွယ်စည်းရုံးပွဲ ကျင်းပရာမှာ လူပေါင်း ၄၀၀၀၀ ခန့် တက်ရောက်ကြတဲ့ အတွက် အတော် အားတက် သွားပါတယ်။ သူဟာ ဒီရက်ပိုင်းအတွင်းမှာ အကျဉ်းအကျပ်ထဲ ရောက်ခဲ့ရပါတယ်။

သူ့မိန်းမ နဲ့ သားသမီးတွေ ကို အစိုးရ အလုပ် တကယ် မလုပ်ပဲ ပြည်သူ့ ဘဏ္ဍာတွေ ထဲက လစာ တွေ ပေးခဲ့တယ် ဆိုတဲ့ စွပ်စွဲ မှုတွေ ကြောင့် စစ်ဆေးမေးမြန်းခံ ရဦးမှာ ဖြစ်သလို ပြီးခဲ့တဲ့ သီတင်းပတ် က ပြင်သစ်တောင်ပိုင်း မှာ မဲဆွယ်ပွဲ လုပ်နေတုန်း ရုံးခန်း မှာ ဝင်ရောက် ရှာဖွေ တာ ခံရပါတယ်။

ဒါပေမဲ့ သူကတော့ စိတ်မလျော့ပါဘူး။ သူနဲ့ ဇနီးသည်တို့ရဲ့ ဂုဏ်သိက္ခာ ကို ကာကွယ်ဖို့ အတွက် မဲဆန္ဒရှင် ပြည်သူတွေ ကို တောင်းပန် ရမှာ ဖြစ်သလို ပြင်သစ်နိုင်ငံတော် ကို ကာကွယ် စောင့်ရောက်ဖို့ အရေး ဟာလည်း အားလုံး အတွက် အထူးအရေးကြီးပါတယ် လို့ ပဲရစ် လူထု အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ဇနီးဖြစ်သူ ပဲနလိုပ် ဖီယွန်း လည်း သူ့ခင်ပွန်းရဲ့ ပါလီမန် ရုံးအလုပ်တွေ ကို အမှန်တကယ် ဝင်လုပ်ပြီး လစာ ယူတာမို့ တရားဝင်သလို အသိပေးလုပ်တဲ့ အကြောင်း ပြောပါတယ်။

ဒါပေမဲ့ ရီပတ်ဘလီကန် ပါတီ အတွင်းမှာ တင် ထိပ်ပိုင်း ခေါင်းဆောင် တွေ က သူ့ကို သမ္မတ လောင်း နေရာ က နှုတ်ထွက်စေလိုပြီး ဝန်ကြီးချုပ်ဟောင်း အာလိုင်း ယူပေး နဲ့ အစားထိုး အရွေးခံစေလိုတာပါ။

ပြင်သစ်ဂျာနယ် တစောင် က စစ်တမ်း ကောက်ယူ ရာမှာလည်း ၇၁ ရာခိုင်နှုန်း က သူ့ကို နှုတ်ထွက်စေလို ကြပါတယ်။

ဒါကြောင့်မို့ သီတင်းပတ်ကုန် ရက်မှာပင် မစ္စတာဖီယွန် ရဲ့ ကံကြမ္မာ ပြောင်းလဲကောင်း ပြောင်းလဲနိုင် ကြောင်း ပဲရစ် မှ ဘီဘီစီ သတင်းထောက် ဟူးရှိုးဖီးလ် က သတင်းပေးပို့ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ