အက်ဆစ် ပက်ခံရလို့ ရုပ်ပျက်ခဲ့သူတွေ ဖက်ရှင်ပွဲ ဝင်နွှဲ

  • 8 မတ် 2017
Image caption ဒီဖက်ရှင်ပွဲမှာ ပါရတဲ့အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာတယ်လို့ ဆို

ဘင်္ဂလားဒက်ရှ်နိုင်ငံမှာ အက်ဆစ်နဲ့ အပက် ခံခဲ့ရပြီး အသက်ရှင် လွတ်မြောက်ခဲ့ပေမယ့် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့သူ အမျိုးသမီး အယောက် ၂၀က ဖက်ရှင်ပြပွဲတခုမှာ ပါဝင်ခဲ့ကြပါတယ်။

အဲဒီ အမျိုးသမီးတွေဟာ မိသားစု ဆွေမျိုး၊ အိမ်နီးချင်း၊ ဒါမှမဟုတ် ပစ်ပယ်ခံရတဲ့ ကြင်ဖော်တွေက အက်ဆစ်နဲ့ပက် တိုက်ခိုက်ခံခဲ့ရသူတွေ ဖြစ်ပါတယ်။

သူတို့ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် အတော်များများက လူတွေနဲ့ ကင်းကင်း နေကြပါတယ်။

ဒီဖက်ရှင်ပြပွဲကို ဘင်္ဂလားဒက်ရှ် ဒီဇိုင်နာ Bibi Russell က နိုင်ငံတကာ အမျိုးသမီးများနေ့ မတိုင်ခင်အကြိုနေ့မှာ အချိန်ကိုက် စီစဉ်လုပ်ခဲ့တာ ဖြစ်ပြီး အလှတရားနဲ့ ပတ်သက်လို့ သမားရိုးကျ အဓိပ္ပါယ်ဖွင့်နေကြတာအပေါ် စိန်ခေါ်တဲ့အနေနဲ့ ရည်ရွယ်လုပ်ခဲ့တာပါ။

ဒီပွဲမှာ ဝင်ပါရတဲ့အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ပိုရှိလာတယ်လို့ အဲဒီ အမျိုးသမီးတွေက ပြောပါတယ်။

လူတွေ မမြင်အောင် ဖုံးကွယ်ထားရမှာက အက်ဆစ်ဒဏ်ကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရတဲ့ သူတို့တွေရဲ့ မျက်နှာတွေ မဟုတ်ပဲ သူတို့ကို အက်ဆစ်နဲ့ ပက်ခဲ့တဲ့သူတွေရဲ့ မျက်နှာတွေ ဖြစ်တယ်လို့ အမျိုးသမီးတဦးက ပြောပါတယ်။