ဂွာတီမာလာမှာ ကလေးများဂေဟာ မီးလောင်ပြီး မိန်းကလေး ၁၉ဦးသေဆုံး

  • 9 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မီးလောင် ဒဏ်ရာ ရသူတဦးကို ကယ်ထုတ်သွား

ဂွာတီမာလာနိုင်ငံက အစိုးရပိုင် ကလေးများ ဂေဟာတခုမှာ မီးလောင်မှုအတွင်း အနည်းဆုံး ဆယ်ကျော်သက် မိန်းကလေး ၁၉ဦး သေဆုံးခဲ့ရပါတယ်။

ဂွာတာမာလာ စီတီမြို့တော်နဲ့ ၁၅မိုင်အကွာ ဆန် ဟိုဆေး ပီနူးလာမြို့က ကလေးများဂေဟာမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ မီးလောင်မှုအတွင်း နောက်ထပ် ၂၅ယောက်လောက်လည်း ဒဏ်ရာရသွားခဲ့ပါတယ်။

အဲဒီ ဂေဟာဟာ ကနဦးက မိဘမဲ့ ကလေးတွေ ကို စောင့်ရှောက်ထားတဲ့ နေရာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ရုံးတင် စစ်ဆေးခံဖို့ စောင့်နေတဲ့ ဆယ်ကျော်သက် လူငယ်တွေကို ထားထားတယ်လို့ သိရပါတယ်။

အဲဒီမှာ အင်္ဂါနေ့ညက ဆူပူအုံကြွမှုတခု ဖြစ်ခဲ့ပြီး ရဲတွေတောင် ခေါ်ခဲ့ရပါတယ်။

အဲဒီမှာ နေတဲ့သူ တချို့က တမင် မီးရှို့ခဲ့ဖွယ် ရှိတယ်လို့ ရဲတွေက ပြောပါတယ်။

အခု မီးလောင်ခဲ့တဲ့ ဂေဟာဟာ ဂွာတီမာလာနိုင်ငံမှာ အတော်လေး နာမည်ပျက်တဲ့ ဂေဟာ ဖြစ်ပါတယ်။

မနှစ်တုန်းကဆိုရင် လူ၄၀၀လောက် ဆံ့တဲ့ အဲဒီ ဂေဟာမှာ လူငယ်၇၀၀လောက် နေခဲ့ကြရတယ်လို့ ဆိုပါတယ်။

တခါ အဲဒီဂေဟာမှာ မတရားနှိပ်စက် ညှင်းပန်းတာတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ ခံရတယ် ဆိုပြီး ကလေးတချို့က သတင်းမီဒီယာတွေကို ပြောပြကြပါတယ်။

အခုလက်ရှိအဆင့်မှာတော့ ဒီစွပ်စွဲချက်တွေကို အသာထားပြီး ဘာ့ကြောင့် မီးလောင်ခဲ့တာလဲ ဆိုတာကို အဓိက စုံစမ်း စစ်ဆေးနေပြီး တနိုင်ငံလုံး ဝမ်းနည်းပူဆွေးတဲ့ အထိမ်းအမှတ် ၃ရက်ကြာ ကျင်းပဖို့ သမ္မတက အမိန့်ထုတ်ပြန်ထားတယ်လို့ အမေရိက အလယ်ပိုင်းဆိုင်ရာ ဘီဘီစီ သတင်းထောက် Will Grant က သတင်းပေးပို့ထားပါတယ်။