မြောက်ကိုရီးယားနဲ့ သံအဆက်မဖြတ်ဘူးလို့ မလေးရှားပြော

  • 9 မတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ကွာလာလမ်ပူက မြောက်ကိုရီးယားသံရုံးကို ရဲတွေက စောင့်ကြည့်

မလေးရှားဟာ မြောက်ကိုရီးယားနဲ့ သံတမန်အဆက်အသွယ်ဖြတ်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် နာဂျစ်ရာဇက်က ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အစ်ကို မလေးရှားလေဆိပ်မှာ အသတ်ခံခဲ့ရပြီးတဲ့နောက် ဖြစ်လာခဲ့တဲ့ တင်းမာမှုတွေကို ဖြေရှင်းဖို့ မြောက်ကိုရီးယားနဲ့ ဆက်ပြီး ဆက်ဆံနေရမယ်လို့ နာဂျစ်ရာဇက်က ဆိုပါတယ်။

မြောက်ကိုရီးယားက သူ့နိုင်ငံထဲမှာ ရှိနေတဲ့ မလေးရှားနိုင်ငံသား ၉ ယောက်လောက်ကို နိုင်ငံထဲက ထွက်ခွာခွင့် ပိတ်ထားပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂစားနယ်ရိက္ခာအစီအစဉ်မှာ လုပ်နေတဲ့ မလေးရှားလူမျိုး နှစ်ယောက်ကိုတော့ ထွက်ခွာခွင့် ပြုခဲ့ပါတယ်။

မလေးရှားကလည်း ကွာလာလမ်ပူမှာရှိတဲ့ မြောက်ကိုရီးယားသံရုံးကို အပြင်က ဝိုင်းရံပိတ်ဆို့ ထားပြီး အထဲမှာ လူသတ်မှုနဲ့ သံသယရှိခံနေရသူ သုံးဦး ခိုလှုံနေတယ်လို့ ယူဆရပါတယ်။ အဲဒီလူတွေကို လွှဲပြောင်းပေးဖို့ မလေးရှားကတောင်းဆိုထားပြီး ဘယ်လောက်စောင့်ရစောင့်ရ အပြင်ထွက်လာရင် ဖမ်းမယ်လို့ မလေးရှားရဲတွေက ပြောပါတယ်။