အဝဆုံး အမျိုးသမီးကို အလေးချိန်လျော့အောင် ခွဲစိတ်ပေး

  • 9 မတ် 2017
ဓာတ်ပုံ မူပိုင် SAIFEE HOSPITAL
Image caption အီမန်အာမက် လောလောဆယ် ပေါင် ၂၀၀ ကျော် လျော့သွားခဲ့ပြီ။

ကမ္ဘာ ပေါ်မှာ ကိုယ် အလေးချိန် အများဆုံး ရှိသူလို့ ယူဆ ထားကြတဲ့ အီဂျစ် နိုင်ငံသူ အမျိုးသမီးကို၊ အိန္ဒိယ နိုင်ငံမှာ ဝိတ်ကျသွားအောင် ဆရာဝန်တွေက ခွဲစိတ်ခန်းထဲ ပြုလုပ် ပေးခဲ့ကြပါတယ်။

အသက် ၃၆ နှစ် အရွယ်၊ Eman Ahmed Abd El Aty လို့ ခေါ်တဲ့ အီဂျစ် နိုင်ငံသူ အမျိုးသမီးဟာ ဝိတ်ကျသွားအောင် ခွဲစိတ်တာ ခံယူဖို့ အိန္ဒိယ နိုင်ငံကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက ရောက်လာခဲ့တာပါ။

အခုတော့ မွန်ဘိုင်းမြို့တော်က Saifee ဆိုတဲ့ ဆေးရုံမှာ Bariatric ဘယ်ရီယားထရစ် ခွဲစိတ် ကုထုံးလို့ခေါ်တဲ့ ဝိတ်လျှော့ ခွဲစိတ်နည်းနဲ့ ခွဲစိတ် ပေးခဲ့လို့၊ ပေါင် တစ်ထောင့်တစ်ရာကျော် ကိုယ် အလေးချိန် ရှိတဲ့ အခြေအနေကနေ လောလောဆယ် မှာတော့ ပေါင် ၂၂ဝ ကျသွား ခဲ့တယ်လို့ ဆေးရုံ တာဝန် ရှိသူက ပြောပါတယ်။

Eman Ahmed ကို ကုသ ပေးခဲ့တဲ့ ဘယ်ရီယားထရစ် ခွဲစိတ်ကုထုံးဟာ အသက်အန္တရာယ် ထိခိုက်လောက်အောင် အဝလွန် ရောဂါ ဖြစ်နေသူတွေကို ကုသတဲ့ အခါ၊ မလွှဲသာတဲ့ အဆုံး နောက်ဆုံး ရွေးချယ်ရတဲ့ နည်းပါ။

ဘယ်ရီယားထရစ် ကုထုံးကတော့ အစာအိမ်ရဲ့ အစိတ်အပိုင်း တော်တော်များများကို ဖယ်ရှား ပစ်လိုက် တာပါ။ လူတစ်ယောက် စားသောက်နိုင်မယ့် ပမာဏကို ကန့်သတ် ပစ်လိုက်တာ ဖြစ်ပါတယ်။

ခုလို အစာအိမ်ကို သေးသွားအောင် လုပ်လိုက်တဲ့ အခါ၊ Eman Ahmed အနေနဲ့ အစာကို နည်းနည်း စားရုံနဲ့ ဗိုက်ပြည့်ပြီး တင်းတိမ် သွားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုယ် အလေးချိန် ဆက်ပြီး ကျဆင်းလာဖို့ မျှော်လင့်ပြီး ခွဲစိတ် ခဲ့ကြတာပါ။

အခုလို ခွဲစိတ် ခဲ့ပြီး နောက်မှာလည်း Eman Ahmed တစ်ယောက် အီဂျစ်ကို ချက်ခြင်း ပြန်နိုင်လောက်အောင် အထိ နလံ မထသေးပါဘူး။ အဝလွန် ရောဂါရဲ့ နောက်ဆက်တွဲ ဖြစ်လာတဲ့ တခြား ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေကို ဆရာဝန်တွေက ကုသ ပေးနေရ ပါတယ်။

Image caption ဘယ်ရီယားထရစ်ခွဲစိတ်ကုထုံး

Eman Ahmed ဟာ မွေးစက ၁၁ ပေါင် ရှိပြီး သူလိုငါလို ကလေးငယ် တစ်ယောက်ပါပဲ။

ဒါပေမယ့် ၁၁ နှစ် သမီးက စလို့ ကိုယ် အလေးချိန် တရှိန်ထိုး မြင့်တက် လာတာမှာ၊ ပြီးခဲ့တဲ့ ၂၅ နှစ်လုံးလုံး အိပ်ရာပေါ်မှာပဲ နေခဲ့ ရပြီး၊ ကိုယ် အလေးချိန်နဲ့ ဆက်စပ်ပြီး သိုင်းရိုက် ပြဿနာ၊ နှလုံး ပြဿနာတွေ ပါ ခံစား ခဲ့ရပါတယ်။

ဘယ်ရီယားထရစ် ခွဲစိတ်ကုထုံးမှာ နာမည်ရတဲ့ အိန္ဒိယ ဆရာဝန် ဒေါက်တာ Muffazal Lakdawala က ဦးဆောင်ပြီး သူ့ကို ကုသပေးမယ် ဆိုတော့၊ ပထမတော့ ကိုင်ရိုမှာ ရှိတဲ့ အိန္ဒိယ သံရုံးက ဗီဇာ ထုတ်မပေးပဲ ငြင်းခဲ့ပါတယ်။

ဒီလောက် ကိုယ် အလေးချိန်နဲ့ Eman Ahmed တစ်ယောက် ခရီးသွား နိုင်မှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း ပြချက်နဲ့ပါ။

နောက်တော့ ဒေါက်တာ Lakdawala ကပဲ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆီ ဆက်သွယ် အကူအညီ တောင်းခဲ့ရပါတယ်။

ခုတော့ ရည်မှန်း ထားသလိုတော့ ခွဲစိတ် ခဲ့ပြီးပါပြီ။

Eman Ahmed တစ်ယောက် ကိုယ့်အိမ်ကိုယ် ပြန်နိုင်ဖို့ အမြန်ဆုံး ကြံ့ခိုင်လာပြီး၊ နောက် လာမယ့် လတွေ ထဲမှာလည်း ကိုယ် အလေးချိန် ဆက်လက် ကျဆင်းလာမယ်လို့ ကုသ ပေးခဲ့တဲ့ ဆရာဝန်ကြီးတွေက မျှော်လင့် နေကြပါတယ်။