ထရမ့်ရဲ့ အမိန့် ပြည်နယ်တွေ အာခံ

  • 9 မတ် 2017
ဓာတ်ပုံ မူပိုင် DEAN LEWINS
Image caption ထရမ့်ရဲ့ ပြည်ဝင်ခွင့် ကန့်သတ်မိန့်ကို ဆန္ဒပြ

မွတ်ဆလင် နိုင်ငံ ခြောက်နိုင်ငံ က ခရီးသွားတွေကို ဗီဇာ ထုတ်ပေးမှု ရပ်ဆိုင်း ဖို့ ဆိုတဲ့ ဒေါ်နယ် ထရမ့် ရဲ့ သမ္မတ အမိန့် ကို ဥပဒေ ကြောင်း အရ တားဆီး နိုင်ဖို့ အမေရိကန် က ပြည်နယ် အချို့မှာ ကြိုးပမ်း ဆောင်ရွက် နေကြ ပါတယ်။

ဟာဝိုင်ယီ မှာ တော့ ဒေါ်နယ် ထရမ့် ရဲ့ သမ္မတ အမိန့် ကို တရားစွဲဆို ခဲ့ပြီး ဖြစ်ပါတယ်။ သမ္မတ ရဲ့ အမိန့် ကို ပိတ်ပင်ဖို့ အတွက် ဝါရှင်တန်၊ နယူးယောက်၊ မက်ဆာချူးဆက် နဲ့ အော်ရီဂွန် ပြည်နယ် တွေ စုပေါင်းပြီး တရားရုံး ကို လျှောက် ထား ခဲ့ကြပြီ ဖြစ်ပါတယ်။

မွတ်ဆလင် နိုင်ငံတွေက ခရီးသွားတွေကို ပိတ်ပင်ဖို့ နဲ့ ဒုက္ခသည် လက်ခံမှု ရပ်ဆိုင်း ထားဖို့ ဆိုတဲ့ ပထမဆုံး သမ္မတ အမိန့် ကို ဝါရှင်တန် ပြည်နယ် က စတင် တရားစွဲဆို ခဲ့တာ ဖြစ်ပြီး ပြည်နယ် တရားသူကြီးတွေက အနိုင် ပေးခဲ့ပါတယ်။

အခု ပြန်လည် ပြင်ဆင် ထုတ်ပြန် လိုက်တဲ့ သမ္မတ အမိန့် ကို ပြည်ထောင် စု တရားသူကြီး တွေ က ထိန်းချုပ် ပေးဖို့ ဝါရှင်တန် ပြည်နယ် ရှေ့နေချုပ် ဘော့ ဖာဂူဆန် က တောင်းဆို နေပါတယ်။

ဒေါ်နယ် ထရမ့်ရဲ့ ဒီနိုင်ငံတွေက ပြည်ဝင်ခွင့် ရက် ၉ဝ ကန့်သတ်တဲ့ အမိန့် တနင်္လာနေ့က ထွက်လာပြီးနောက် ခုလို ပြည်နယ်တွေ ဘက်က တုံ့ပြန်တာတွေကို ကြုံနေရတာ ဖြစ်ပါတယ်။

ယာယီ ဆိုင်းငံ့

ဆိုမာလီ၊ အီရန်၊ ဆီးရီးယား၊ဆူဒန်၊ လစ်ဗျားနဲ့ ယီမင် နိုင်ငံတွေက ဝင်လာသူတွေသာ မက ဒုက္ခသည် အားလုံးရဲ့ ပြည်ဝင်ခွင့်ကိုပါ ယာယီ ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။

ဇန်နဝါရီမှာ ဒေါ်နယ် ထရမ့် တက်တက်ချင်း ထုတ်ခဲ့တဲ့ အမိန့်ကိုတော့ ပြည်ထောင်စု တရားရုံးတွေက ပယ်ချ ခဲ့ပြီး အကြီးအကျယ် ဆန္ဒပြတာတွေ ရင်ဆိုင်ခဲ့ရပါတယ်။

အခု နောက်ဆုံးထုတ်တဲ့ သမ္မတ အမိန့်ဟာလည်း မွတ်ဆလင်တွေကို တခြား တနည်းနဲ့ ကန့်သတ်တာ ဖြစ်တယ်၊ ဒါဟာ အမေရိကန်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ တန်းတူ ညီမျှမှု အခွင့်အရေးတွေနဲ့ ဖီလာ ဆန့်ကျင် ဖြစ်နေတယ်လို့ နယူးယော့ ပြည်နယ် ရှေ့နေချုပ် က ဥပဒေ လမ်းကြောင်းကနေ စောဒက တက်ခဲ့ပါတယ်။

အိမ်ဖြူတော် ဘက်ကတော့ ဒီ သမ္မတ အမိန့်ဟာ တရားရုံးမှာ နိုင်လိမ့်မယ် လို့ပဲ ကြုံးဝါးနေပါတယ်။

ဒီလို ဝေဖန် ရှုတ်ချတာတွေ တိုးလာနေချိန်မှာပဲ ဒေါ်နယ် ထရမ့် ထောက်ခံသူတွေကလည်း သမ္မတက ရွေးကောက်ပွဲမှာ ပေးခဲ့တဲ့ အမေရိကန်တွေကို ကာကွယ်မယ် ဆိုတဲ့ ကတိကို တည်တယ် ဆိုပြီး ချီးကျူး နေကြတာပါ။

ဒီအမိန့်အရ အရင်က အမေရိကန် အစိုးရ လက်ခံပြီးသား ဒုက္ခသည်တွေကို ဝင်ခွင့် ပေးမယ်လို့ သိရပါတယ်။

နောက်ပြီး ဒီ ၆ နိုင်ငံ ကနေ အမေရိကန်မှာ အခြေချ နေထိုင်ခွင့် ရပြီးသား လူတွေကိုလည်း ဝင်ခွင့်ပေးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ