တောင်ကိုရီးယားသမ္မတ ရာထူးကထုတ်ပယ်ခံရ

  • 10 မတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ခုံရုံးက တရားသူကြီး ၈ ယောက်က ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့

တောင်ကိုရီးယား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက သမ္မတ ပတ်ဂွန်ဟေးကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

မစ္စ ပတ်ဂွန်ဟေးဟာ သူ အာဏာရှိစဉ် ကာလမှာ တရားဥပဒေနဲ့ ဖွဲ့စည်းပုံဥပဒေတွေကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခဲ့တယ်လို့ ဒီခုံရုံးက တရားသူကြီး ၈ ယောက်က ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဆုံးဖြတ်ချက်ကျအပြီးမှာ သူဟာ သူ့ရဲ့ မိတ်ဆွေ မစ္စ ချွိုင်ချွန်ဆေ တောင်ကိုရီးယား ကုမ္ပဏီတွေဆီက မတရား ငွေတောင်းတဲ့နေရာမှာ အကူအညီပေးတယ်ဆိုတဲ့ ရာဇဝတ်မှုတွေနဲ့ တရားခံရနိုင်တဲ့ အခြေအနေ ဖြစ်လာပါတယ်။

သမ္မတ ပတ်ဟာ မိတ်ဆွေ ဖြစ်သူ မစ္စချွိုင်စွန်စီကို နိုင်ငံတော် အရေးကိစ္စတွေမှာ တရားမဝင် ဆုံးဖြတ်ခွင့် ပေးခဲ့မှု၊ ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းတွေကို အသုံးချ ခွင့်ပေးခဲ့မှု အပြင် မစ္စချွိုင်က တဆင့် တောင်ကိုရီးယား စီးပွားလုပ်ငန်းကြီးတွေဆီက ဖိအားပေး ငွေကြေးတောင်းခံမှု စွပ်စွဲချက်တွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေး အပေါ် အာဏာအလွဲသုံးလုပ်မှုနဲ့ လွှတ်တော်က ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက အရေးယူခဲ့မှုကို ဒီနေ့မှာ နိုင်ငံရဲ့ အမြင့်ဆုံး ဖြစ်တဲ့ အခြေခံဥပဒေ တရားရုံးတော်က ထောက်ခံလိုက်တဲ့ အတွက် တောင်ကိုရီးယား သမိုင်းမှာ ပထမဆုံး အကြိမ် အဖြစ် ဒီမိုကရေစီ နည်းကျ တက်လာခဲ့တဲ့ သမ္မတ တယောက် ရာထူးက ဖယ်ရှားခံရတဲ့ အဖြစ် ဖြစ်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတ ပတ်က နိုင်ငံတော် အရေးကိစ္စတွေမှာ တရားမဝင် ဆုံးဖြတ်ခွင့် ပေးခဲ့ပြီး ဒါကို အလွဲသုံးစားလုပ်တဲ့ မစ္စချွိုင်စွန်စီ

မစ္စ ပတ်ဂွန်ဟေးဟာ ဒီကနေ့ သမ္မတ အိမ်တော်ထဲက အပြင်ကို ထွက်မှာ မဟုတ်သလို ဘာ သတင်းထုတ်ပြန်ချက်မှလည်း လုပ်မှာ မဟုတ်ဘူးလို့ သမ္မတရုံးက ပြောပါတယ်။

သမ္မတသစ် ပြန်ရွေးဖို့ ရွေးကောက်ပွဲတွေကိုလည်း ရက် ၆၀ အတွင်း ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တရားရုံးက အခုလို ဆုံးဖြတ်ချက်ချအပြီးမှာ သမ္မတကို ထောက်ခံ ဆန္ဒပြသူတွေနဲ့ ရဲတွေ တရားရုံးရှေ့မှာ ပဋိပက္ခ ဖြစ်ခဲ့ပြီး လူ ၂ ဦးလည်း သေဆုံးခဲ့ရပါတယ်။

သမ္မတကို မထောက်ခံကြသူတွေကတော့ ဖွဲ့စည်းပုံရုံး ဆုံးဖြတ်ချက်ကို အလံတွေ၊ ဆိုင်းဘုတ်တွေ အပါအဝင် သမ္မတကို ထောင် အဝတ်အစား ဝတ်ပေးထားတဲ့ အရုပ်ကို ကိုင်ဆောင် ဝှေ့ယမ်း အောင်ပွဲခံခဲ့ကြပါတယ်။

ယာယီ သမ္မတ ရာထူးယူထားတဲ့ ဝန်ကြီးချုပ် ဟွမ်ကျိုအန်းကတော့ အစိုးရဟာ ပြည်တွင်းရေး ရှုပ်ထွေးမှုတွေ ပိုပြီး ပြန့်မလာအောင် အာရုံစိုက်သင့်တယ်လို့ ပြောဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ