ထရမ့်က ပါလက်စတိုင်းခေါင်းဆောင်ကို ဖိတ်ကြား

  • 11 မတ် 2017
Image caption အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် ပါလက်စတိုင်းဖက်က အမြင်ကို သိလို

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အာဘတ်စ်ကို အမေရိကန်ကို လာဖို့ ဖိတ်ကြားလိုက်ပါတယ်။ မနေ့က သူတိူ့ ၂ ယောက်ပထမဆုံးအကြိမ် တယ်လီဖုန်းက စကားပြောကြပြီး အခုလို ဖိတ်ကြားခဲ့တာလို့ မစ္စတာအာဘတ်စ်ရဲ့ ပြောခွင့်ရ Nabil Abu Rdeneh ကပြောပါတယ်။

မစ္စတာထရမ့်က အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ကိစ္စဆွေးနွေးကြဖို့ ကမ်းလှမ်းခဲ့တယ် လို့လည်း သူက ဆိုပါတယ်။

ဒီလိုဖိတ်ကြားခဲ့တာကို အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရ ရှောင်စပိုက်ဆာကလည်း အတည်ပြုပါတယ်။ ဘယ်နေ့ရောက်လာမှာလည်းဆိုတာ ထုတ်မပြောကြပေမယ့် သိပ်မကြာခင်လာမှာပါလို့ စပိုက်ဆာက ပြောပါတယ်။

သမ္မတထရမ့်ဟာ သူအရွေးမခံရခင်ကတည်းက အစ္စရေးဖက်ကို ပြတ်ပြတ်သားသား ယိမ်းပြခဲ့တဲ့သူပါ။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နက်တာညာဟု ဟာလည်း ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီးချိန်မှာ အမေရိကန်မှာ သူနဲ့ ပထမဆုံးလာတွေ့တဲ့ နိုင်ငံခြားခေါင်းဆောင် တစ်ယောက်ပါ။ သူတို့ချင်း အနည်းဆုံး ၂ ကြိမ် တယ်လီဖုန်း စကာပြောကြပြီးပြီလို့လည်း သိရပါတယ်။

သမ္မတထရမ့်က အစ္စရေးဖက်ကို သိပ်ယိမ်းနေတာနဲ့ ပတ်သက်ပြီး ပါလက်စတိုင်းတွေ ကြားမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။

သမ္မတထရမ့်ဟာ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး အတွက် သူလုပ်ပေးချင်တယ်လို့ ပြောထားတယ်။ အဲဒီလို လုပ်ဖို့ဆိုရင် ပါလက်စတိုင်းတွေရဲ့ အမြင်ကိုလည်း နားထောင်ဖို့လိုတယ်။ ဒါကြောင့်လည်း အခုလို ပါလက်စတိုင်း ခေါင်းဆောင်ကို အိမ်ဖြူတော်ကို ဖိတ်လိုက်တာ ဖြစ်တဲ့အကြောင်း ဘီဘီစီရဲ့ ဝါရှင်တန်သတင်းထောက် ဘာဘရာပလက် အာရှားက ပြောပါတယ်။

တဖက်မှာတော့လည်း မစ္စတာထရမ့် လူရွေးခန့်ထားပုံတွေက အစ္စရေးကို မျက်နှာသာပေးနေတယ် ဆိုတာကို အထင်ရောက်စေနိုင်ပါတယ်လို့ ဘာဘရာပလက်အာရှားက ပြောပါတယ်။ အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဆို လက်ယာစွန်းသဘောထားရှိသူဖြစ်ပြီး အမေရိကန်သံရုံးကို အငြင်းပွားနေတဲ့ ဂျေရုဆလင်ကို ရွှေ့မယ်ပြောခဲ့တာမျိုး၊ နောက်တစ်ခါ မစ္စတာထရမ့်က အရှေ့အလယ်ပိုင်းရေးရာ အကြံပေးအဖြစ် Orthodox ဂျူးဖြစ်တဲ့ သူ့ သားမက် ဂျာရက်ကူချနာကို တာဝန်ပေးထားတာ မျိုးတွေကို ထောက်ပြပါတယ်။

နောက်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်နိုင်ငံအတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ မူနဲ့ ပတ်သက်ပြီးလည်း သူ့သဘောထားကို ရှင်းရှင်း မပြောသေးပါဘူး။

မစ္စတာထရမ့်ဟာ အရှေ့အလယ်ပိုင်းအရေးမှာ အာရပ်နိုင်ငံတွေရဲ့ သဘောထားကို ရယူဖို့အရေးကြီးတာကိုလည်း သဘောပေါက်ထားပုံတော့ရပါတယ်။ သူဟာ အီဂျစ်သမ္မတ၊ ဂျော်ဒန်ဘုရင်တို့နဲ့ တယ်လီဖုန်းဆက်သွယ် စကားပြောခဲ့ပြီးပါပြီ။ အာရပ်ကမ္ဘာရဲ့ သဘောထားတွေကိုလည်း ဖြေးဖြေးချင်း စနည်းနာနေပုံရပါတယ်။

ဒါပေမယ့် သူ့ရဲ့ မူလသဘောထားဖြစ်တဲ့ အစ္စရေးနဲ့ ပိုနီးစပ်တဲ့ ဆက်ဆံရေး ထားဖို့ကတော့ ပြောင်းလဲ သွားမယ့်ပုံမတွေ့ရပါဘူး။

မစ္စတာထရမ့်က အစ္စရေးရဲ့ သဘောထားကို အရင်ယူခဲ့ပြီးဖြစ်လို့ အခုတော့ ပါလက်စတိုင်းဖက်က သဘောထားကို သိအောင်လုပ်မယ့်သဘောလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အစ္စရေး ပါလက်စတိုင်း ပဋိပက္ခအတွက် သူ့ အဖြေ သူ့အစိုးရရဲ့ လုပ်ငန်းစဉ်ဟာ ဘာဆိုတာတော့ တိတိကျကျ ထုတ်ပြောတာမျိုး မကြားရသေးပါဘူး။