ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာကြီးအတွက် အဆိုးဆုံး ကပ်ဘေးကြုံနေရ

  • 11 မတ် 2017
ဓာတ်ပုံ မူပိုင် UNICEF
Image caption ယီမင်နိုင်ငံမှာဆိုရင် လူဦးရေရဲ့ သုံးပုံ နှစ်ပုံလောက် အငတ်ဘေးကြုံရနိုင်

အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံလေးနိုင်ငံမှာ လူသား အခြေခံ ရပ်တည်ရေး ဆိုင်ရာ ကပ်ဆိုက်မှုတွေ ဖြစ်နေတဲ့ အပေါ် ကုလသမဂ္ဂက ထပ်မံ သတိပေးလိုက်ပါတယ်။

ဒီနိုင်ငံတွေကတော့ ဆိုမားလီယား၊ တောင်ဆူဒန်၊ နိုင်ဂျီးယီးယားနဲ့ ယီမင်တို့ ဖြစ်ပြီး ဒီနိုင်ငံတွေက လူဦးရေ သန်း ၂၀ ကျော် ဟာ ငတ်မွတ် ခေါင်းပါးမှု ဒဏ် ခံရမယ့် အခြေအနေရောက်နေတယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒီအလို အဖြစ်မျိုးဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အဆိုးဆုံးဖြစ်ပြီး စစ်ပွဲတွေဖြစ်နေတဲ့ ယီမင်နိုင်ငံမှာဆိုရင် လူဦးရေရဲ့ သုံးပုံ နှစ်ပုံလောက် ဖြစ်တဲ့ သန်း ဆယ်ဂဏန်းနဲ့ ချီပြီး အငတ်ဘေးကြုံရနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ညှိနှိုင်းကြီးကြပ်ရေးမှူး စတီဖင် အိုဘရိုင်ယန်က ပြောပါတယ်။

ကပ်ဘေးဆိုက်နိုင်တဲ့ ဒီနိုင်ငံတွေထဲက အဆိုးဆုံးဖြစ်တဲ့ ယီမင်မှာ အစိုးရနဲ့ ဆော်ဒီညွန့်ပေါင်း အဖွဲ့တွေက တဖက် ဟူသီသူပုန်တွေက တဖက် တိုက်ခိုက်မှုတွေမှာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အရပ်သားတွေ လိုအပ်တဲ့ အကူအညီမရအောင် လုပ်တဲ့ အခြေအနေတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

အရပ်သားတွေဆီကို အကူအညီရောက်နိုင်ဖို့အတွက် နှစ်ဖက်စလုံးက ကတိကဝတ်ပြုမှုတွေ ရှိပေမယ့် လက်တွေ့မှာ အကူအညီတွေ ရောက်ဖို့ ခဲယဉ်းနေသေးတဲ့အတွက် နှစ်ဘက်စလုံးမှာ တာဝန်ရှိတယ်လို့ မစ္စတာ အိုဘရိုင်ယန်က ပြောပါတယ်။

တောင်ဆူဒန်နိုင်ငံက လူဦးရေ ငါးသန်း၊ ဆိုမားလီးယားနိုင်ငံမှာ လူဦးရေ ၇ သန်းနီးပါးနဲ့ နိုင်ဂျီးရီးယားက လူဦးရေ ၂ သန်းလောက်ဟာလည်း စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒီလို အခက်အခဲတွေကို နိုင်ငံတကာက ကူညီကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီ ဂူးတရက်စ်ကလည်း တိုက်တွန်းခဲ့ဖူးပေမယ့် လက်ရှိအချိန်အထိ အမေရိကန် ဒေါ်လာ သန်း ၉၀ ပဲ ရသေးတယ်လို့ မစ္စတာ အိုဘရိုင်ယန်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ