တူရကီနိုင်ငံသားတွေရဲ့ ဆန္ဒပြပွဲကို နယ်သာလန်ရဲက ဖြိုခွဲ

  • 12 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption တူရကီနိုင်ငံသားတွေရဲ့ ဆန္ဒပြပွဲကို နယ်သာလန် ရဲအဖွဲ့က နှိမ်နင်း

နယ်သာလန်နိုင်ငံ ရော့တာဒန်မြို့မှာ တူရကီ သမ္မတ ရီဂျက် တိုင်ရိ အာဒိုဝမ်ကို ထောက်ခံဆန္ဒပြသူတွေကို နယ်သာလန်ရဲက ဖြိုခွဲနှိမ်နင်းလိုက်ပါတယ်။

တူရကီ သမ္မတကို လုပ်ပိုင်ခွင့်ပိုပေးရေး ဆန္ဒခံယူပွဲနဲ့ ဧပြီလ တူရကီ ရွေးကောက်ပွဲတို့အတွက် တူရကီဝန်ကြီးတွေဟာ နယ်သာလန်မှာရှိတဲ့ တူရကီနိုင်ငံသားတွေကို ဟောပြော စည်းရုံးချင်တာ ဖြစ်ပါတယ်။

ဒါပေမယ့် လူထုအစည်းအဝေးပွဲတွေကို နယ်သာလန် အစိုးရက ခွင့်မပြုဘဲ ပိတ်ပင်ခဲ့ရာကနေ အခုလို ဆန္ဒပြပွဲတွေနဲ့ ဖြိုခွဲနှိမ်နင်းမှုတွေ အထိဖြစ်ပွားလာတာဖြစ်ပါတယ်။

တူရကီနိုင်ငံခြားရေးဝန်ကြီး မာဗလု ချာဗူရှော်လူက နယ်သာလန်မှာ လူထု အစည်းအဝေးပြုလုပ်ပြီး မဲဆွယ်ဖို့ ခွင့်တောင်းရာမှာ နယ်သာလန် အစိုးရက စနေနေ့က ပယ်ချခဲ့ပါတယ်။

ဒါပေမဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီးဟာ ခွင့်ပြုချက် မရတဲ့ကြားက တူရကီကို လေယာဉ်နဲ့ သွားရောက်ခဲ့ပါတယ်။

နယ်သာလန်နိုင်ငံက တူရကီနိုင်ငံခြားရေး ဝန်ကြီး ချာဗူရှော်လူရဲ့ လေယာဉ်ကိုပါ ဆင်းသက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

တူရကီ အိမ်ထောင်စုနဲ့ လူမှုရေးမူဝါဒ ဆိုင်ရာ ဝန်ကြီး ဖာတမာ ကာယာကတော့ ဂျာမနီကနေ ရောက်လာပြီး နယ်သာလန်နိုင်ငံ ရော့တာဒန်မြို့က တူရကီသံရုံးကို သွားဖို့ ကြိုးစားခဲ့ပါတယ်။

အိမ်ထောင်စု ဝန်ကြီး ဖာတမာဟာ တူရကီနိုင်ငံခြားရေးဝန်ကြီးကို လေယာဉ်ဆင်းသက်ခွင့် မပြုခဲ့တာကိုသိလို့ ကုန်းကြောင်းကလာခဲ့တာ ဖြစ်ပေမယ့် သံရုံးထဲ မဝင်နိုင်မီမှာ ရဲက တားဆီးခဲ့ပြန်ပါတယ်။

အခုအချိန်ဟာ နယ်သာလန်နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပလုဆဲဆဲ ကာလဖြစ်ပါတယ်။ တူရကီနိုင်ငံမှာလည်း ရွေးကောက်ပွဲ ကျင်းပဖို့ တလလောက်ပဲ လိုတော့တဲ့ ကာလဖြစ်ပါတယ်။

တူရကီနိုင်ငံမှာ သမ္မတရီဂျက် တိုင်ရိ အာဒိုဝမ်ရဲ့ အစိုးရဟာ သိပ်လူကြိုက်များ ရေပန်းစားတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ ဒီလို အခြေအနေမျိုးမှာ တူရကီ သမ္မတ အာဒိုဝမ်ဟာ မွတ်ဆလင် အရေးနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ပြဿနာ တွေရှိတဲ့ ဥရောပနိုင်ငံတွေရောက် တူရကီနိုင်ငံသားတွေရဲ့မဲကို ရယူနိုင်ဖို့ လိုလားပါတယ်။

အဝေးရောက် တူရကီနိုင်ငံသား အရေ အတွက်ဟာ နယ်သာလန်နိုင်ငံ တနိုင်ငံတည်းမှာတွင် တသန်းခွဲနီးပါး ရှိပါတယ်။

ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲ ကျင်းပလုဆဲဆဲ ဖြစ်တဲ့ ကာလမှာ နယ်သာလန်အနေနဲ့က ဒီလို မဲဆွယ်စည်းရုံးမှုမျိုးကို လက်မခံချင်ပါဘူး။

တူရကီ သမ္မတ အာဒိုဝမ်ကတော့ နယ်သာလန်ဟာ နိုင်ငံရေးလည်း နားမလည်ဘူး၊ နိုင်ငံတကာ သံခင်းတမန်ခင်းလည်း ဘာမှ နားမလည်ကြဘူး။ သူတို့ဟာ နာဇီလက်ကျန်တွေ ဖြစ်တယ်၊ ဖက်ဆစ်တွေဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် နယ်သာလန်ကို ပိတ်ဆို့ အရေးယူမှု ဆန်ရှင်တွေလုပ်မယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်တုန်းကလည်း ဂျာမနီနိုင်ငံ ဟန်းဘတ်ဂ် မြို့မှာ တူရကီ နိုင်ငံခြားရေး ဝန်ကြီး ချာဗူရှော်လူကို အလားတူပဲ ဝင်ခွင့်ပိတ်ပင် ခံခဲ့ရပါသေးတယ်။

တူရကီ သမ္မတ အာဒိုဝမ် အနေနဲ့ပြည်တွင်းမှာ ရေပန်းမစားတဲ့အချိန်မှာ အခုလို ဆောင်ရွက်ချက်တွေကြောင့် ပြည်ပရောက် တူရကီတွေက သူ့ကို အမျိုးသားရေး သူရဲကောင်း တယောက်သဖွယ် ထောက်ခံမှု ရခဲ့တာမို့ ဒါဟာ နိုင်ငံရေး အရ ပါးနပ်လိမ္မာတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် မာ့က် လိုဝင်က သုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ