လူတွေ အွန်လိုင်းလုံခြုံမှု နည်းလာလို့ အင်တာနက်ထောင်သူပြော

  • 12 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption ကျင့်ဝတ်နဲ့ မညီတဲ့ နိုင်ငံရေးစည်းရုံးတဲ့ ကြော်ငြာတွေကိုလည်း ကြီးကြပ်ဖို့လိုမယ်လို့ သူက ပြော

ကိုယ်ရေးအချက်အလက်တွေ မလုံခြုံတော့တာ၊ သတင်းမှား ပျံ့နှံ့တာနဲ့ အွန်လိုင်းကို နိုင်ငံရေးအတွက် တလွဲ အသုံးချတာတွေ များနေတယ်လို့ နိုင်ငံတကာ အွန်လိုင်း ချိတ်ဆက်မှုကို ပထမဆုံးစလုပ်ခဲ့တဲ့ မစ္စတာ တင် ဘန်နာလီက အင်တာနက်ရဲ့ ၂၈နှစ်ပြည့် နေ့မှာ သတိပေးလိုက်ပါတယ်။

အချက်အလက်တွေကို အလွဲသုံးစား လုပ်တာနဲ့ သတင်းမှားတွေကို တိုက်ဖျက်ဖို့ အတွက် အစီအစဉ်တခု ဆွဲထားတယ်လို့လည်း ဆာဘွဲ့ရ ဗြိတိန် သိပ္ပံပညာရှင်လည်းဖြစ်တဲ့ မစ္စတာ ဘန်နာလီက ပြောခဲ့ပါတယ်။

အစိုးရပိုင်းက တကိုယ်ရေအချက်အလက်တွေကို ထောက်လှမ်းနေတာကိုလည်း တွန်းလှန်ဖို့လိုမှာဖြစ်ပြီး ကျင့်ဝတ်နဲ့ မညီတဲ့ နိုင်ငံရေးစည်းရုံးတဲ့ ကြော်ငြာတွေကိုလည်း ကြီးကြပ်ဖို့လိုမယ်လို့ သူက ပြောပါတယ်။

အွန်လိုင်းမှာ အသုံးပြုသူတွေက ဘယ်ကိုယ်ရေး အချက်တွေကို လူအများ မသိစေချင်သလဲဆိုတာကို ရွေးဖို့ အခွင့်အရေးနဲ့ မူပိုင်ခွင့် ဆုံးရှုံးမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ဖေ့စ်ဘွတ်မှာ တင်တဲ့ပုံကို ဖေ့ဘွတ်ကပဲ မူပိုင်ရသွားတဲ့ အချက်မျိုး ဖြစ်ပါတယ်။

လူတွေကို ခံစားမှုတခုခုနဲ့ ရုတ်တရက် ရိုက်ခတ်အောင်လုပ်ပြီး အဖြစ်မှန် မပါသလောက်ဖြစ်တဲ့ သတင်းတွေဟာ လူမှုကွန်ယက်ဆိုဒ်ရဲ့ ဆော့ဝဲတွေအရ လူကြည့်များလေ ပျံ့နှံ့လေ ဖြစ်တာကြောင့် သတင်းမှားတွေ ပိုပြီး ပျံ့နှံ့နေရတယ်လို့ မစ္စတာ တင် က ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ