ထိုင်း နာမည်ကြီး ကမ်းခြေမှာ မှုခင်းကျဆင်းဖို့ ကြိုးစား

  • 14 မတ် 2017
Image caption ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ပတ္တယား ကမ်းခြေ

ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့် ခရီးသည်တွေ အလာအများဆုံး နေရာတွေကို "ပျော်ရွှင်စရာ နယ်မြေ၊ Happy Zone " တွေ အဖြစ် သတ်မှတ်ဖို့ ထိုင်း ရဲတပ်ဖွဲ့က ပြင်ဆင် နေပါတယ်။

ဒါဟာ ရာဇဝတ် မှုခင်းတွေ လျော့ပါး ကျဆင်းသွားအောင် ကြိုးစားတဲ့ နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။

လာမယ့် သီတင်းပတ် ဆိုရင် ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ကမ်းခြေ ဒေသဖြစ်တဲ့ ပတ္တယားမှာ ပထမဆုံး အထူးနယ်မြေ တစ်ခု စတင် သတ်မှတ် ထားရှိတော့မှာ ဖြစ်ပါတယ်။

ခရီးသွား လုပ်ငန်းနဲ့အတူ တပါတည်း တွဲပြီး ပြည့်တန်ဆာနဲ့ မူးယစ်ဆေး ပြဿနာ တွေ ရှိနေတဲ့ ပတ္တယားမှာ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ့်ရဲ့ လုပ်ငန်းခွင်တွေထဲ လုံခြုံရေး ကင်မရာတွေ တပ်ဆင်ရမှာ ဖြစ်သလို၊ အသက် ၂ဝ အောက် မိန်းကလေး တွေကို လိင်ဖျော်ဖြေရေး လုပ်ငန်းတွေမှာ အသုံးမချ ဖို့လည်း အာဏာပိုင်တွေက တားမြစ် ထားပါတယ်။

ဒီ စီမံကိန်း အောင်မြင်ရင်တော့ ပတ္တယား ဒေသ တစ်ခုလုံး အလားတူ အထူးဇုံတွေ ထားရှိလာဖို့ ထိုင်း အာဏာပိုင်တွေ ကြံရွယ် ထားသလို၊ တနိုင်ငံလုံး အနှံ့ အထူးဇုံးတွေ ဖွင့်လှစ် နိုင်ဖို့လည်း မျှော်လင့် ထားပါတယ်။