ထရမ့်ရဲ့ အခွန်ပြေစာမှာ ဘာတွေ ပါသလဲ

  • 15 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတ ထရမ့်က သူ အခွန်ဆောင်ထားတာတွေကို ထုတ်ပြန်ဖို့ ငြင်းဆိုခဲ့

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ၂၀၀၅ ခုနှစ်က အခွန်ထမ်းဆောင်ထားတဲ့ ပြေစာတစ်ခု ပေါက်ကြားလာခဲ့ပါတယ်။

ပေါက်ကြားလာတဲ့ သမ္မတ ထရမ့် ရဲ့ အခွန် ပြေစာ နှစ်ရွက်ကို MSNBC ရုပ်မြင် သံကြားမှာ ဖော်ပြခဲ့တာပါ။

၂၀၀၅ ခုနှစ်က မစ္စတာ ထရမ့်ရဲ့ ဝင်ငွေက ဒေါ်လာ သန်း ၁၅၀ ရှိခဲ့ပြီး ဒေါ်လာ ၃၈ သန်း အခွန်ဆောင် ထားတယ်လို့ အဲဒီ အခွန်ပြေစာပေါ်မှာ တွေ့ရပါတယ်။ အဲဒီပမာဏအပြင် ဒေါ်လာ ၁၀၃ သန်း အရှုံးပြထားတာလည်း တွေ့ရပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်တွေ ကတည်းက သမ္မတလောင်းတွေ နှစ်ပေါင်းများစွာလုပ်လာခဲ့ကြတဲ့ အစဉ်အလာဟောင်းကို ချိုးဖောက်ပြီး မစ္စတာ ထရမ့် ရွေးကောက်ပွဲ မဲဆွယ် ကာလ တုန်းက သူ့အခွန်ဆောင်ထားမှုကို ထုတ်ဖော်ပြဖို့ ငြင်းဆိုခဲ့လို့ သူအခွန် ဘယ်လောက်ဆောင်လဲဆိုတာ အများပြည်သူတွေ မသိခဲ့ကြပါဘူး။

သတင်းရင်းမြစ်

ဒီစာရွက်တွေကို ဘဏ္ဍာရေး ဆိုင်ရာ သတင်းထောက် David Cay Johnson ဆီကို အမည်ဖော်ပြမထားတဲ့ သတင်းရင်းမြစ်က စာတိုက်ကနေ ပို့ပေးလာတာလို့ MSNBC သတင်းဌာန က ပြောပါတယ်။

သတင်းရင်းမြစ်နဲ့ပတ်သက်တဲ့ နောက်ထပ် အသေးစိတ်ကိုလည်း ဖော်ပြမထားဘူးလို့ David Cay Johnson က အတည်ပြု ပြောပါတယ်။

ဒါပေမဲ့ ဒီကိစ္စကို မစ္စတာ ထရမ့် ကိုယ်တိုင် ပေါက်ကြားအောင် လုပ်လိုက်တာ ဖြစ်နိုင်တယ် လို့လည်း ထင်ကြေးပေး ပြောဆိုပါတယ်။

အိမ်ဖြူတော်က တုံ့ပြန်

အခုလို ပေါက်ကြားမှုကို အိမ်ဖြူတော်က ဒေါသ တကြီး တုံ့ပြန်လိုက်ပါတယ်။ အခွန်ပြေစာကို MSNBC မှာ ဖော်ပြလိုက်တာဟာ တရား ဥပဒေ ချိုးဖောက်တာလို့လည်း အိမ်ဖြူတော်က စွပ်စွဲ ပြောဆို ပါတယ်။

မစ္စတာ ထရမ့်ဟာ ဥပဒေအရ သူဆောင်ဖို့ လိုတဲ့ အခွန်ငွေ ထက်ပို ပေးဆောင်စရာ မလိုဘူးလို့ အိမ်ဖြူတော်က တုံ့ပြန်ထားခဲ့ပြီး ဖြစ်ပါတယ်။

သမ္မတထရမ့်တုံ့ပြန်နေကျ တွစ်တာ စာမျက်နှာမှာဆိုရင် ဒီသတင်းက အမှားပုံစံ ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် Donald Trump
Image caption သမ္မတ ထရမ့်ဟာ တွစ်တာကနေ သတင်းထုတ်ပြန်တဲ့ သတင်းထောက်ကို နှိမ်ချပြီး ပြော

ထရမ့်ပေးခဲ့တဲ့ အခွန်နှုန်း

အခွန်ပြေစာမှာ မစ္စတာ ထရမ့်က ပေးဆောင်ထားတဲ့ ဒေါ်လာ ၃၈ သန်းဟာ သာမန် အမေရိကန်နိုင်ငံသားတွေ ပေးဆောင်ရတဲ့ နှုန်း ၂၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဝင်ငွေများသူတွေ ပျမ်းမျှ ဆောင်ရတဲ့ ၂၇ ရာခိုင်နှုန်းထက်တော့ နည်းနေပါတယ်။

သမ္မတထရမ့်ကို ဝေဖန်သူတွေက သူ့အခွန်ပေးဆောင်မှုနဲ့ ပတ်သက်လို့ အခုထက်ပိုပြီး သိချင် နေကြသလို သူ့ စီးပွားရေး ဆက်သွယ်မှုတွေ အထူးသဖြင့် ရုရှားနိုင်ငံနဲ့ အဆက်အသွယ်တွေကို ပိုပြီး ထင်သာမြင်သာ ဖြစ်စေလိုကြပါတယ်။

အခု ပေါက်ကြားလာတဲ့ အခွန်ပြေစာမှာ မစ္စတာ ထရမ့်ရဲ့ ကိုယ်ပိုင် စီးပွားရေး အင်ပါယာကြီးနဲ့ ပတ်သက်လို့ အသေးဆုံး အချက်အလက်လေးကိုသာ တွေ့မြင်ရပြီး သူ့ရဲ့ ကိုယ်ပိုင် ကြွယ်ဝမှုနဲ့ ပတ်သက်လို့က ပဟေဠိ ဖြစ်နေသေးတယ်လို့ ဘီဘီစီ သတင်းထောက် Anthony Zurcher က ပြောပါတယ်။

အခု ထွက်လာတဲ့ အခွန်စာရွက်မှာ အချက်အလက် အသေးစိတ် သိပ်မပါပေမဲ့ မစ္စတာ ထရမ့်ရဲ့ အခွန် ရေးရာနဲ့ ပတ်သက်လို့ သိပ်မသိရတဲ့ အချိန်မှာ အခုလို ပေါက်ကြားလာတာက ထူးခြားတယ်၊ နောက်ထပ် ထုတ်ဖော်ပြောဖို့ ဖိအားတွေလည်း ပိုတိုး လာနိုင်တယ်လို့ သတင်းထောက်တွေက သုံးသပ်ပြီး ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ