နယ်သာလန်မှာ လစ်ဘရယ် နိုင်ပေမယ့် ညွန့်ပေါင်းဖွဲ့ရေးခက်

  • 15 မတ် 2017
ဓာတ်ပုံ မူပိုင် JERRY LAMPEN
Image caption နယ်သာလန် ဝန်ကြီးချုပ် မာ့ခ် ရူတာ

မနေ့ညက ကျင်းပ ပြီးသွားတဲ့ နယ်သာလန် လွှတ်တော် ရွေးကောက်ပွဲမှာ အာဏာရ လက်ယာယိမ်း လစ်ဘရယ် ပါတီ ဆယ်နေရာ လက်လွှတ်ခဲ့ရပေမယ့် အင်အားအကောင်းဆုံး နေရာမှာ ဆက်ရှိပြီး အစိုးရသစ် တရပ်ဖွဲ့ဖို့ ဦးဆောင်နေပါတယ်။

ရွှေ့ပြောင်းဝင်လာသူတွေနဲ့ မွတ်ဆလင် ဆန့်ကျင်ရေး အမြင် ရှိတဲ့ လွတ်လပ်ရေး ပါတီက ကြိုတင် စစ်တမ်းတွေမှာ အသာရခဲ့ပေမယ့် ထင်သလောက် မနိုင်ခဲ့ဘဲ လက်ဝဲယိမ်း လစ်ဘရယ် ပါတီ၊ ခရစ်ယာန် ဒီမိုကရက် ပါတီတွေနဲ့ အတူ ဒုတိယ လိုက်နေပါတယ်။

မဲက သိပ်မပြတ်လို့ ပါတီ ၅ ခု ၆ ခု ပေါင်းပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့လည်း ခက်နေပါတယ်။

အာဏာရ ညွန့်ပေါင်း အစိုးရမှာ ပါတဲ့ လေဘာပါတီကတော့ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပါတယ်။

လစ်ဘရယ် ပါတီ ခေါင်းဆောင် လက်ရှိ ဝန်ကြီးချုပ် မာ့ခ် ရူတာ က အများ အကြိုက်ဆောင် ဝါဒကို ဝေဖန် ပြောကြား ခဲ့ပါတယ်။

ဒီဝါဒ သက်သက်ကတော့ အမှားအယွင်း မရှိပါဘူး။ ဒါပေမဲ့ လူတွေရဲ့ တကယ့် ပြဿနာတွေကို မဖြေရှင်းနိုင်ဘဲ ဒါတွေကို ပိုဆိုးအောင် ဆွပေးတာက ဒီဝါဒရဲ့ ဆိုးကွက်ပါပဲ လို့ မာ့ခ် ရူတာက ဆိုပါတယ်။

နယ်သာလန် ရွေးကောက်ပွဲ ရလဒ်တွေကို ဥရောပ နိုင်ငံ ခေါင်းဆောင်တွေကလည်း ချီးကျူး သြဘာ ပေး ခဲ့ကြပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Jean-Marc Ayrault က လက်ယာစွန်း ဝါဒ ခေါင်းထောင်လာတာကို အမြစ်ဖြုတ်ပစ်တဲ့ နယ်သာလန် ပြည်သူတွေကို ဂုဏ်ယူတယ်၊ ဒါမှ ခိုင်မာတဲ့ ဥရောပကို တည်ဆောက်နိုင်မယ်လို့ ဆိုပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် မာကဲရဲ့ ရုံးကလည်း ကြက်သီးထလောက်တဲ့ ရလဒ်ဖြစ်တယ်ဆိုပြီး နယ်သာလန် နိုင်ငံကို ချီးကျူး ထောမနာပြုခဲ့ပါတယ်။

ဘရပ်ဆဲက ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Jean-Claude Juncker ကတော့ ဒီရွေးကောက်ပွဲက အစွန်းရောက် ဝါဒကို ဆန့်ကျင်တာလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ