မြောက်ကိုရီးယားကို စစ်ရေးအရ အရေးယူကောင်း ယူမယ်

  • 17 မတ် 2017
Image caption တောင်/မြောက် နှစ်နိုင်ငံကြား စစ်မဲ့ဇုံကို သွား။

မြောက်ကိုရီးယား ရဲ့ စစ်ရေး ခြိမ်းခြောက်မှု တွေကို စိတ်ရှည် လက်ရှည်နဲ့ သည်းခံ နေရ တော့မယ့် အချိန်မဟုတ်ပဲ လက်ဦးမှု ရယူတဲ့ စစ်ရေး လုပ်ဆောင်မှုတွေ ပြုလုပ်ဖို့တောင် ဆုံးဖြတ်ကောင်း ဆုံးဖြတ်ရလိမ့်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တစ်လာဆင် က ပြင်းပြင်းထန်ထန် ပြောလာပါတယ်။

ဝန်ကြီး တစ်လာဆင် ရဲ့ အာရှတိုက် ခရီးစဉ် ရှေ့ဆက် နေတာမှာ အခုဆိုရင် ဂျပန်ကနေ တဆင့် တောင်ကိုရီးယားကို ရောက်လာပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယား အရောက်မှာပဲ ကိုရီးယား ကျွန်းဆွယ်မှာ လက်ရှိ ဖြစ်ပေါ် နေတဲ့ စစ်ရေး တင်းမာမှုတွေ နဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ သဘောထားကို ပြောလာ ပြန်တာ ဖြစ်ပါတယ်။

အမေရိကန် အနေနဲ့ စစ်ရေး ပဋိပက္ခမျိုး ဖြစ်လာဖို့ မလိုလားပေမယ့် မြောက်ကိုရီးယားရဲ့ နျူကလီယာ အစီအစဉ်ကြောင့် ဖြစ်ပေါ် လာတဲ့ အန္တရာယ်သာ တောင်ကိုရီးယားနဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေ အပေါ် ကျရောက် လာပြီဆိုရင် အမေရိကန်ဘက်က နည်းလမ်း ပေါင်းစုံနဲ့ ကိုင်တွယ်ဖို့ အသင့် ပြင်ဆင် ပြီး ဖြစ်တယ်လို့ ဝန်ကြီး တစ်လာဆင်က ဆိုပါတယ်။

အမေရိကန်ဟာ လက်တွေ့မှာလည်း တောင်ကိုရီးယားမှာ ဒုံးကျည် ကာကွယ်ရေး စနစ် စတင် နေရာ ချထားနေပြီး အဲဒီ အပြုအမူ အပေါ် တရုတ်က ခါးခါးသည်းသည်း ပါတယ်။

အခုလိုမျိုး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တစ်ယောက်က သည်းခံရေးမူဝါဒ ပြီးဆုံး သွားပြီလို့ ပြောလာပေမယ့်လည်း သမ္မတ ထရမ့်လက်ထက် ကိုရီးယား ကျွန်းဆွယ် အရေးနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ မူဝါဒဟာ ဘာမှ ထူးထူးခြားခြား ပြောင်းလဲ တာမျိုး မဟုတ်ဘူးလို့ ဆိုးလ်မြို့တော်မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် စတီဖင် အီဗန်စ်က သုံးသပ်ပါတယ်။

သမ္မတ အိုဘားမား လက်ထက်ကလည်း မြောက်ကိုရီးယားကို ကိုင်တွယ်ရာမှာ စစ်ရေးနည်း မသုံးဖို့ ဆုံးဖြတ် မထားခဲ့သလို၊ ထရမ့် အစိုးရဆီမှာလည်း ပိတ်ဆို့မှုတွေကနေ တဆင့် မြောက်ကိုရီးယားကို အတိုင်းအတာ တခုအထိ ထိန်းထား နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက် ဆက်လက် ရှိနေသေးတာပဲလို့ စတီဖင် အီဗန်စ်က ဆိုပါတယ်။

ဒါ့ကြောင့် မြောက်ကိုရီးယား အရေးဟာ ဒုံရင်း အတိုင်းပဲ ဘယ်လိုမျိုး စီးပွားရေး ပိတ်ဆို့ ခံရ ခံရ၊ တရုတ်က ဘယ်လိုပဲ ဖျောင်းဖျဖျောင်းဖျ သူတို့ရဲ့ နျူကလီယာ ရည်မှန်းချကို စွန့်ဖို့ အရိပ်အယောင် တစွန်းတစမှ ရှိမနေဘူးလို့ လည်း စတီဖင် အီဗန်စ်က ပြောပါတယ်။

ဝန်ကြီး တစ်လာဆင် ကတော့ တောင်ကိုရီးယား ကနေ တရုတ်ကို ခရီး ဆက်မှာ ပါ။

ထရမ့်က တရုတ် အပေါ် အမေရိကန်ရဲ့ စီးပွားရေး ရန်သူ အဖြစ် ပုံဖော် ပြောဆိုမှုတွေ အကြိမ်ကြိမ် ရှိခဲ့ပေမယ့်၊ သူ့ရဲ့ နိုင်ငံခြားရေး ဝန်ကြီး တစ်လာဆင် မှာတော့ မြောက်ကိုရီးယား အရေး တရုတ်က အကူအညီ ပေးနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဘေဂျင်းကို သွားရောက်မှာ ဖြစ်ပါတယ်။