အမြင်မတူတဲ့ ထရမ့်နဲ့ မာခဲလ်တို့ရဲ့ သတင်းစာ ရှင်းလင်းပွဲ

  • 18 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် သမ္မတ ထရမ့်နဲ့ ဂျာမနီ ဝန်ကြီးချုပ် မာခဲလ်တို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေး

အမေရိကန် နိုင်ငံမှာ ရောက်ရှိနေတဲ့ ဂျာမနီ ဝန်ကြီးချုပ် အဲန်ဂယ်လာ မာခဲလ်နဲ့ အမေရိကန် သမ္မတ ထရမ့်တို့ အိမ်ဖြူတော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံရေး အမြင်သဘောထားတွေ လုံးဝ မတူကြတဲ့ ခေါင်းဆောင်နှစ်ဦးအကြား တဦးနဲ့တဦး သဟဇာတ ဖြစ်တဲ့ပုံမျိုး မတွေ့ရဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။

နိုင်ငံရွှေ့ပြောင်းဝင်လာသူတွေကို ကြိုဆိုခဲ့တဲ့ မစ္စစ် မာခဲလ်ရဲ့ ပေါ်လစီဟာ မဟာအမှားကြီးတခု ဖြစ်တယ်လို့ မစ္စတာ ထရမ့်က ဝေဖန်ခဲ့ဖူးသလို မွတ်ဆလင် အများစု နေထိုင်တဲ့ နိုင်ငံတွေကလူတွေကို အမေရိကန်နိုင်ငံထဲ ဝင်ခွင့်ပိတ်ပင်ခဲ့တဲ့ မစ္စတာထရမ့်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း မစ္စစ် မာခဲလ်က ဝေဖန် ပြောဆိုခဲ့တာပါ။

အခု နှစ်ဦး မျက်နှာချင်းဆိုင် တွေ့ခဲ့ရာမှာတော့ နိုင်ငံတကာ ကုန်သွယ်ရေး ကိစ္စကိုပဲ အဓိကထား ဆွေးနွေး ခဲ့ကြပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာလည်း သမ္မတ ထရမ့်က အမေရိကန် နိုင်ငံဟာ ကုန်သွယ်မှု မမျှတတာ ခံနေရတယ် ၊ ဒါကို ပြောင်းသင့်ပြီလို့ ပြောသွားပါတယ်။

မစ္စစ် မာခဲလ်ကတော့ ကုန်သွယ်ရေးဟာ သက်ဆိုင်သူတွေ အကျိုးအမြတ် ရနိုင်ကြောင်းနဲ့ ကမ္ဘာတဝှမ်း လွှမ်းခြုံကုန်သွယ်ခြင်းအားဖြင့် အားလုံးအတွက် အကျိုးအမြတ် ဖြစ်ထွန်းနိုင်ကြောင်း ပြောသွားပါတယ်။

ထရမ့်တာဝါမှာ ဖုန်းလိုင်းတွေ ခိုးနားထောင်တဲ့အထဲမှာ ဗြိတိသျှ ထောက်လှမ်းရေး အဖွဲတွေ ပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ အမေးကိုတော့ မစ္စတာ ထရမ့်က သမ္မတအိုဘားမား အစိုးရလက်ထက်တုန်းက မစ္စစ် မာခဲလ် လည်း ဖုန်းခိုးနားထောင်တာ ခံခဲ့ရတာပဲ မဟုတ်လား ဆိုပြီး ပြောသွားခဲ့ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် အမြင်သဘောထား လုံးဝ မတူကြတဲ့ ခေါင်းဆောင်နှစ်ဦးအကြား ကမ္ဘာ့တဝှမ်း အရေးပါတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်း တခုတော့ ရှာရအုံးမှာ ဖြစ်ပြီး ဒီတွေ့ဆုံဆွေးနွေးမှုက အစမ်းသဘော ပထမခြေလှမ်းလက္ခဏာ အဖြစ်သာ ရှိမယ့်ပုံတွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက် Anthony Zurcher က သုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ