မြောက်ကိုရီးယားကိစ္စဖြေရှင်းဖို့ တရုတ်နဲ့ အမေရိကန် ပူးပေါင်းမယ်

  • 18 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီကတော့ ဒီကိစ္စတွေဟာ ခေါင်းအေးအေးထားပြီး လုပ်ရမယ်လို့ပြော

ကိုရီးယားကျွန်းဆွယ်က အခြေအနေတွေဟာ အရေးကြီးတဲ့ အချိန်ကို ရောက်လာပြီလို့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးလက်နက်နဲ့နျူလက်နက်တွေ ထိန်းချုပ်ဖို့ ကိစ္စကို အမေရိကန်နဲ့ တရုတ်တို့ ပူးပေါင်း ဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြောင်းကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်က်စ် တေလာဆင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးအပြီးမှာ ပြောဆိုခဲ့ပါတယ်။

မစ္စတာ တေလာဆင်က

'လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ မြောက်ကိုရီးယားရဲ့ တရားမဝင် လက်နက် အစီအစဉ်တွေရဲ့ ခြိမ်းခြောက်မှုတွေ လျှော့အောင်လုပ်ဖို့ ကျနော်တို့ရဲ့ ကြိုးစားမှုတွေ မအောင်မြင်သေးပါဘူး။

တရုတ်ကလည်း ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယား ပပျောက်ရေး လိုလားတယ်ဆိုတော့ မြောက်ကိုရီးယားကို သူ့ပြည်သူတွေအတွက် ကောင်းတဲ့အနာဂါတ် ရွေးဖို့အရေး ဖျောင်းဖျဖို့အတွက် ကျနော်တို့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာပါ' လို့ ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီကတော့ ဒီကိစ္စတွေဟာ ခေါင်းအေးအေးထားပြီး လုပ်ရမှာ ဖြစ်သလို မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေ ဖြစ်မြောက်အောင် လုပ်ဖို့လိုပြီး တွေ့ဆုံဆွေးနွေးဖို့လည်း ကြိုးစားသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မစ္စတာ တေလာဆင် ဘက်ကတော့ မြောက်ကိုရီးယားအရေး ဖြေရှင်းရာမှာ စစ်ရေးအရ ဖြေရှင်းနည်းကလည်း ရွေးလို့ရတဲ့ လမ်းတခုပဲလို့ တောင်ကိုရီးယား ခရီးစဉ်အတွင်းမှာ ပြောဆိုထားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ