အမုန်းတရားဖြန့်ချီမှုတွေ သိသာလာလို့ မြဝတီဆရာတော်ပြော

  • 18 မတ် 2017
ဓာတ်ပုံ မူပိုင် Ariya Wuntha Bhiwunsa @Facebook
Image caption အခုလို စုဝေး ဟောပြောပွဲတွေ ကျင်းပတာက အမုန်းတရား ပြန့်ပွားမှုတွေ ပိုဆိုးမလာအောင် တားထားနိုင်မယ်လို့ ယူဆကြောင်း ဆရာတော်က ပြော

မန္တလေးမြို့ မြို့တော်ခန်းမမှာ မတ်လ ၁၈ ရက်နေ့က ကျင်းပတဲ့ ဘာသာပေါင်းစုံ ညီအကို မောင်နှမများ တွေ့ဆုံပွဲရဲ့ ဦးဆောင် ဆရာတော် အရှင် အရိယဝံသာဘိဝံသ (မြဝတီ ဆရာတော်)က လတ်တလော ကာလမှာ အမုန်းတရား ဖြန့်ချီမှုတွေ သိသိသာသာ ဖြစ်လာတယ်လို့ ဘီဘီစီကို မိန့်ကြားလိုက်ပါတယ်။

အထူးသဖြင့် မဘသ အဖွဲ့နဲ့ အရှင်ဝီရသူတို့ဟာ နိုင်ငံတော်ပုံရိပ်နဲ့ သာသနာပုံရိပ်ကို ဖျက်ဆီးနေတဲ့သူတွေ ဖြစ်တယ်လို့လည်း မြဝတီဆရာတော်က မိန့်ဆိုခဲ့ပါတယ်။

ဒီအခမ်းအနားမှာ မန္တလေးတိုင်း သံဃ မဟာနာယက အဖွဲ့ ဥက္ကဌ ဆရာတော်ကြီး အပါအဝင် အထင်ကရ ဆရာတော် သံဃာတော်တွေ ကြွရောက်ခဲ့သလို ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ် ဘာသာတွေက ဘာသာရေး ခေါင်းဆောင်တွေနဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ဝင်တွေပါ တက်ရောက်ခဲ့ကြပြီး ဘာသာ တခုနဲ့ တခုအကြား ငြိမ်းချမ်းချစ်ကြည်စွာ ယှဉ်တွဲ နေထိုင်နိုင်မယ့် နည်းလမ်းတွေကို ဟောပြောခဲ့ကြပါတယ်။

မြန်မာနိုင်ငံက ဗုဒ္ဓဘာသာနဲ့ မူဆလင် ပဋိပက္ခတွေမှာ မွတ်ဆလင်တွေ ဒုက္ခရောက်ရသလို ဗုဒ္ဓဘာသာလည်း နာမည်ပျက်ခဲ့ရတယ်လို့ ဆရာတော် အရိယဝံသာဘိဝံသက မိန့်ကြားခဲ့ပါတယ်။

ဒီလို မဖြစ်ဖို့အတွက် ဘာသာ အချင်းချင်း ချစ်ကြည်ရင်းနှီးကြဖို့လိုပြီး အခုလို စုဝေး ဟောပြောပွဲတွေ ကျင်းပတာက အမုန်းတရား ပြန့်ပွားမှုတွေ ပိုဆိုးမလာအောင် တားထားနိုင်မယ်လို့ ယူဆကြောင်း ဆရာတော်က ပြောပါတယ်။

မဘသရဲ့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ဖို့ ဟောပြောချက်တွေဟာလည်း အသိဉာဏ်နည်းသူတွေကို ခြောက်လှန့်ပြောဆိုတာသာ ဖြစ်ပြီး ယခင်စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်အုပ်ချုပ်မှု နည်းပရိယာယ်တွေရဲ့ အကျိူးဆက်ကို ပြောင်းလဲအောင် လုပ်မှ သာလျှင် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ရာကျမယ်လို့ ဆရာတော်က ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ