ပီရူး ရေလွှမ်းမိုးမှုကြောင့် လူ ၇၂ ယောက်သေဆုံး

  • 19 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption ပီရူးရေဘေးကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ခက်ခက်ခဲခဲ ဆောင်ရွက်နေရ

ပီရူးနိုင်ငံမှာ မိုးရွာ၊ ရေကြီး ၊ မြေပြိုတဲ့အတွက် လူ ၇၂ ယောက်သေဆုံးခဲ့ပါတယ်။

မိုးတွေ သည်းကြီးမည်းကြီးရွာပြီးနောက် မြစ်တွေချောင်းတွေမှာ ရေတွေပြည့်လျှံလာပြီး ကုန်းပေါ်က ရေတွေဟာ မြစ်ထဲချောင်းထဲကို စီးမဝင်နိုင်တော့ပဲ မြစ်ထဲချောင်းထဲက ရေတွေက ကုန်းပေါ်တက်လာကြတာဖြစ်ပါတယ်။

မြို့တွေ၊ လူနေရပ်ကွက်တွေ ၊ လူနေအိမ်တွေမှာ ရေကြီးရေလျှံလာပြီး လူတွေဟာ အိမ့်အပြင် မထွက်နိုင်ဘဲ ရေဝိုင်းခံနေကြရပါတယ်။ ရေကြီးရေလျှံတဲ့ အတွက်ကြောင့် မြေပြိုမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

မြို့ပေါင်း ၈၀၀ ကျော်မှာ ရေဘေး ဒုက္ခကြောင့် အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။

မြို့တော် လီမာမှာဆိုရင် တနင်းလာနေ့ကတည်းက ရေပြတ်တောက်ခဲ့ပါတယ်။ လီမာမြို့ရဲ့ အရှေ့ဘက် ၁၅ မိုင်လောက်မှာရှိတဲ့ ဟွာချီးပါ မှာလည်း လူတွေဟာ အိမ်တွေထဲမှာ ပိတ်မိနေကြတယ်လို့ ဒေသခံတယောက်ဖြစ်တဲ့ ဂျင်မီ ဇာရိတ်က ပြောပါတယ်။

"လူတွေဟာ အိမ်ထဲမှာ ပိတ်မိနေကြပါတယ်။ အိမ်တွေကိုရေဝိုင်းနေကြပြီး များသောအားဖြင့် ပထမအထပ်ထိရေတက်နေပါတယ်။ တချို့အိမ်တွေမှာ နံရံတွေပြိုကျကုန်ပါတယ်။ ရေစီးကလည်း သန်ပါတယ်။ ကျနော်တို့ အကူအညီတွေရဖို့လိုနေပါတယ်။ ဘာလို့လည်း ဆိုတော့ လူတွေ အပြင်မထွက်နိုင်ကြလို့ပါ။ ရေနဲ့ အစားအစာတောင် ပြတ်လပ်ကုန်ပါပြီ။ တချို့ကတော့ ကလေးတွေကို အပြင်ကယ်ထုတ်နေကြပါပြီ။ ကလေးတွေကို ဦးစားပေးပြီး အဲဒီနောက် သက်ကြီးရွယ်အိုတွေ စသဖြင့် ဦးစားပေးအစီအစဉ်လိုက် ကယ်ထုတ်နေပါတယ်။"

ဟွာချီပါက အမျိုးသမီးတယောက်ကလည်း အကူအညီလိုအပ်နေပြီလို့ ဆိုပါတယ်။

"ဟွာချီပါမှာ အရေးပေါ်အခြေအနေဖြစ်နေပါပြီ။ အိမ်အားလုံးရေလွှမ်းနေပါပြီ။ ပစ္စည်းတွေ အားလုံးပျက်စီးကုန်ပါပြီ။ အကူအညီတွေ လိုအပ်နေပါပြီ"

ကုန်စျေးနှုန်းတွေကလည်း တပတ်အတွင်းမှာ ပစ္စည်းအားလုံး ၅ ရာနှုန်းလောက်စျေးတက်သွားပါတယ်။

ပီရူးအပါအဝင် ပစိဖိတ် သမုဒ္ဒရာ ကမ်းခြေနိုင်ငံတွေမှာ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ရာသီဥတုတွေ ဖောက်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ပင်လယ် အပူချိန် မြင့်တက်ပြီး ရေငွေ့ပျံနှုန်းများပြားလာရာကနေ မိုးသဲကြီး မဲကြီး ရွာတာ ဖြစ်ပါတယ်။

အခုတော့ မိုးအရွာရပ်သွားပါပြီ။ ဒါပေမယ့် ရာသီဥတုက ဖောက်ပြန်နေဆဲမို့ နောက်ထပ်မိုးထပ် ရွာမရွာဆိုတာ စိတ်ချရတဲ့ အနေအထားမျိုး မဟုတ်သေးပါဘူး။

အခုကြုံတွေ့ရတဲ့ မိုးရွာရေကြီး ဖြစ်စဉ်ဟာ ပီရူးနိုင်ငံမှာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးဝါး ဆုံး ဖြစ်စဉ်ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်တုန်းကလည်း အလားတူ ဆိုးဝါးတဲ့ မိုးရွာရေကြီး ဖြစ်စဉ်မျိုး ဖြစ်ခဲ့ ဖူးပါတယ်။ အဲဒီတုန်းကလည်း အယ်လ်နီညို ဖြစ်စဉ်ကြောင့် မိုးရွာရေကြီးခဲ့တာပဲ ဖြစ်ပါတယ်။