ထရမ့်က တရုတ်သမ္မတနဲ့ တွေ့ဖို့မျှော်မှန်းနေလို့ ကန် နိုင်ငံခြားရေးဝန်ပြော

  • 19 မတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ ထရမ့်ဟာ မစ္စတာ ရှီကျင်းပင်နဲ့ ဖုန်း အကြာကြီး ပြောခဲ့ပြီး အချင်းချင်း နားလည်မှုတွေ တိုးခဲ့တာကို တော်တော်တန်ဖိုးထားတယ်လို့ မစ္စတာ တေလာဆင်က ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အနာဂတ်မှာ နှစ်နိုင်ငံ အချင်းချင်း နားလည်မှု တိုးဖို့အတွက် တရုတ်သမ္မတနဲ့ တွေ့ဆုံဖို့ မျှော်မှန်းနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်က်စ် တေလာဆင်က တရုတ်သမ္မတ ရှီကျင်းပင်ကို ပြောဆိုလိုက်ပါတယ်။

မစ္စတာ တေလာဆင်က

'မစ္စတာ ထရမ့်ဟာ မစ္စတာ ရှီကျင်းပင်နဲ့ ဖုန်း အကြာကြီး ပြောခဲ့ပြီး အချင်းချင်း နားလည်မှုတွေ တိုးခဲ့တာကို တော်တော်တန်ဖိုးထားပါတယ်။

နောက်ပိုင်းမှာ အလည်အပတ် လာရောက်ဖို့လည်း မျှော်မှန်းနေပါတယ်' လို့ မစ္စတာ တေလာဆင်က ပြောဆိုလိုက်တာပါ။

တရုတ်သမ္မတ ရှီကျင်းပင်ကလည်း နှစ်နိုင်ငံအကြား အပြုသဘောဆောင်မယ့် ဆက်ဆံရေး ဖြစ်လာအောင် ကြိုးစားကြမယ် ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေးက လမ်းကြောင်းမှန်ကို သွားနိုင်မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မစ္စတာ တေလာဆင်ဟာ သူရဲ့ အရှေ့အာရှ ခရီးစဉ် အဆုံးမှာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး ဒီခရီးစဉ်ရဲ့ ဆွေးနွေးမှုတွေမှာ မြောက်ကိုရီးယားရဲ့ နျူလက်နက်နဲ့ ဒုံးလက်နက် ကိစ္စ က အဓိက လွှမ်းမိုးနေပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်က်စ် တေလာဆင်က တရုတ် သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံပြီးတဲ့ အချိန်လောက်မှာပဲ မြောက်ကိုရီးယားက အာကာသဒုံးပျံ စီမံကိန်းအတွက် အင်အားပြင်း ဒုံးလွှတ် အင်ဂျင်သစ်တခု စမ်းသပ် အောင်မြင်သွားပြီလို့ ကြေညာ ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားက ဒီစမ်းသပ်မှုဟာ အာကာသ စီမံကိန်းအတွက်လို့ ပြောပေမယ့် ဒါဟာ ပိတ်ထိန်းဒုံးလက်နက်အတွက်ပဲ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သံသယ ရှိနေကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တေလာဆင်က မြောက်ကိုရီးယားအရေးကို စစ်ရေးနဲ့ ဖြေရှင်းဖို့ဟာလည်း ရွေးချယ်စရာတခုပဲလို့ သူ့ရဲ့ တောင်ကိုရီးယား ခရီးစဉ်မှာ ပြောခဲ့ပေမယ့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ရီကတော့ မြောက်ကိုရီးယားကိစ္စဟာ ခေါင်းအေးအေးထားပြီး ဖြေရှင်းရမယ့် ကိစ္စလို့ မှတ်ချက် ပေးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ