လေယာဉ် လူစီးခန်းထဲ အီလက်ထရောနစ် ပစ္စည်းတွေ သယ်ခွင့်ပိတ်

  • 21 မတ် 2017
Image caption ၉၆ နာရီ တားမြစ် ခံထား ရ

အရှေ့ အလယ်ပိုင်း ဒေသ လေဆိပ်တွေကနေ အမေရိကန် ပြည်ထောင်စုကို တိုက်ရိုက် ပျံသန်းလာမယ့် လေယာဉ်တွေပေါ်မှာ လက်တော့ပ် နဲ့ တက်ဘ်လက် ကွန်ပျူတာ တွေ အပါအဝင် ကင်မရာတွေ၊ ဒီဗီဒီစက်တွေ၊ ဂိမ်းကစား စက်တွေကို လူနဲ့အတူ သယ်ယူခွင့် မပြုဘူး ဆိုပြီး အမေရိကန် အစိုးရက ပိတ်ပင် လိုက်ပါတယ်။

ထောက်လှမ်းရေး ဆိုင်ရာ တွက်ချက် အကဲဖြတ်မှု တွေ အရ မိုဘိုင်း စမတ်ဖုန်း တွေထက် အရွယ်အစားကြီးတဲ့ အီလက်တရောနစ် ပစ္စည်း တွေ ဆိုရင် လုံခြုံရေး စိုးရိမ် မှုတွေ ဖြစ်စေတဲ့ အတွက် အခုလို ပိတ်ပင်ရတာ ဖြစ်တယ်လို့ အမေရိကန် ပို့ဆောင် ဆက်သွယ်ရေး အရာရှိ တွေက ပြောပါတယ်။

မိုဘိုင်းဖုန်းထက် အရွယ်အစား ကြီးတဲ့ ဘက်ထရီသုံး လျှပ်စစ် ပစ္စည်းတွေ ထဲမှာ ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းတွေ လျှို့ဝှက် ထည့်ယူ လာနိင်တဲ့ အတွက် ပိတ်ပင် ရတာ ဖြစ်တယ် ဆိုပြီး အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာန Department of Homeland Security က ထုတ်ပြန်ပါတယ်။

ဒီ အမိန့်အရ အီဂျစ်၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျ နဲ့ တူရကီ အပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံက လာတဲ့ လေကြောင်းလိုင်း ၉ ခုရဲ့ လေယာဉ်ပျံတွေပေါ် ခရီးသည်တင်ခန်းထဲ အဆိုပါ လျှပ်စစ် ပစ္စည်း အမျိုးအစား တွေ သယ်ဆောင်ခွင့် မပြုဖို့ ၉၆ နာရီ တားမြစ် ခံထား ရပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှု တွေကို ကြည့်ရင် ၂၀၁၅ ခုနှစ် တုန်းက အီဂျစ်မှာ ခရီးသည်တင် လေယာဉ် ပေါက်ကွဲ ပျက်ကျ ခဲ့ရသလို ၂၀၁၆ ခုနှစ် တုန်းကလည်း ဆိုမာလီမှာ ခရီးသည်တင် လေယာဉ်ပေါ် အသေခံ ဗုံးခွဲ တိုက်ခိုက်ဖို့ ကြိုးစား ခဲ့ပေမယ့် ဗုံးက အပြည့်အဝ မပေါက်ကွဲ ခဲ့လို့ ကံသီပြီး အသက်ဆုံးရှံးသူတော့ မရှိခဲ့ပါဘူး။

တခါ၊ ၂၀၁၆ ခုနှစ် ထဲမှာပဲ ဘရပ်ဆဲလ်နဲ့ အစ္စတန်ဘူလ် လေဆိပ်တွေကို သေနတ်သမားတွေ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့လို့ အမေရိကန် ပြည်တွင်း လုံခြုံရေး ဌာနက အခုလို လုံခြုံရေး သတိ တိုးမြှင့်ရတာ ဆိုပြီး အကြောင်း ပြပါတယ်။

ဒါပေမယ့် လေကြောင်းလုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူ ဂျူလီယံ ဘရေး ကလည်း အခုလို ပိတ်ပင် ခံလိုက်ရတဲ့ နိုင်ငံတွေမှာ လေကြောင်း လုံခြုံရေးနဲ့ ပတ်သက်ပြီး အရေးယူ ဆောင်ရွက်မှုတွေ လုံလောက်မှု မရှိတဲ့ အတွက် အမေရိကန်ဘက်က အရေးယူ ဆောင်ရွက် လာတာ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။