လန်ဒန် ပါလီမန် ပစ်ခတ်မှု အထင်ကရ နေရာတွေ

  • 22 မတ် 2017

လန်ဒန် မြို့လယ် ဝက်စမင်စတာ ရပ်ကွက်က ပါလီမန် အဆောက်အအုံဟာ အနှစ် တထောင်နီးပါး သက်တမ်း ရှိတဲ့ နန်းတော် အဆောက်အအုံကြီး ဖြစ်သလို အနီးဝန်းကျင်မှာလည်း သမိုင်းဝင် အဆောက်အအုံတွေ အုပ်ချုပ်ရေး အချက်အချာ နေရာတွေနဲ့ ပြည့်နှက်နေပါတယ်။

ဓာတ်ပုံ မူပိုင် NIKLAS HALLE'N
Image caption ဗြိတိသျှ ပါလီမန်

ဗြိတိသျှ ပါလီမန် ခြံဝင်းထဲထိ တိုက်ခိုက်သူ ယာဉ်မောင်းက ဝင်လာခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ရဲ တယောက် ဓားထိုးခံရပြီး သေဆုံးသလို တိုက်ခိုက်သူကိုလည်း ရဲအဖွဲ့က ပစ်သတ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ၂ဝဝ၅ ခုနှစ် ဇူလိုင် ၇ ရက် တိုက်ခိုက်မှုတွေ နောက်ပိုင်း ဗြိတိန်မှာ အကြီးဆုံး တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် NIKLAS HALLE'N
Image caption ဝက်စမင်စတာ တံတား

တိုက်ခိုက်မှု စတင် ဖြစ်ပွားရာ ဝက်စမင်စတာ တံတားကတော့ လန်ဒန်မှာ မျှော်စင်တံတားပြီးရင် ကမ္ဘာလှည့်ခရီးသွားတွေ အလာများဆုံး တံတားတစင်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီတံတားကို ဦးတည်တိုက်ခိုက်တာလို့လည်း ယူဆနေကြပါတယ်။ ဒီတံတားပေါ် ကားနဲ့ တိုက်ခိုက်မှုကြောင့် ၂ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် JOEL FORD
Image caption စိန့်သောမတ် ဆေးရုံ

ထိခိုက်ဒဏ်ရာရသူတွေကို ကုသပေးရတဲ့ တံတားထိပ်က စိန့်သောမတ် ဆေးရုံကြီး ဖြစ်ပါတယ်။ ဒီဆေးရုံကြီးဟာ စစ်အတွင်းက ဂျာမန်ဗုံးဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရသလို စစ်ပြီးမှာ အသစ်ပြန်တည်ဆောက်ခဲ့ရတဲ့ ဆေးရုံလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကွယ်လွန်သူ အဆိုတော် ရုပ်ရှင်မင်းသားကြီး ဝင်းဦး တက်ရောက်ကုသခဲ့တဲ့ ဆေးရုံလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် JOEL FORD
Image caption လန်ဒန်အိုင်း

လန်ဒန် ပါလီမန်နဲ့ မျက်နှာချင်းဆိုင်က ရှုမျှော်ခင်းကြည့်သူတွေ စီးကြတဲ့ လန်ဒန်အိုင်း ရဟတ်ကြီးကို တိုက်ခိုက်မှုတွေ ဖြစ်တုန်းက ခေတ္တ ရပ်ဆိုင်းခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် JUSTIN TALLIS
Image caption ဝန်ကြီးချုပ်အိမ်

လန်ဒန်ပါလီမန် အနီးအနားမှာ ဗြိတိသျှ အစိုးရအဖွဲ့ ရုံးစိုက်တဲ့ ဝှိုက်ဟောလမ်းမကြီး ရှိသလိုပဲ ဒီလမ်းမကြီး နံဘေး လမ်းသွယ်တခုမှာလည်း ဝန်ကြီးချုပ်တွေ၊ ဘဏ္ဍာရေး ဝန်ကြီးတွေ အစဉ်အဆက် နေလာတဲ့ အိမ်တွေ ရှိပါတယ်။ ဒီလမ်းက ဒေါင်းနင်းလမ်းပါ။

အလားတူ ပါလီမန် တဘက် ရင်ပြင်တခု အကျော်မှာလည်း ဗြိတိသျှ ဘုရင်တွေ ဘိသိက်ခံရာ၊ နတ်ရွာစံရင် မြှုပ်နှံရာ ဝက်စမင်စတာအက်ဘေး ဘုရားကျောင်းကြီး တည်ရှိသလို အနားတဝိုက်မှာလည်း စိန့်ဂျိမ်းစ် ပန်းခြံကြီးနဲ့ ဘုရင်မ ရုံးစိုက်ရာ ဘက်ကင်ဟမ် နန်းတော်၊ စိန့်ဂျိမ်းစ်နန်းတော် စတဲ့ အရေးကြီး အဆောက်အအုံတွေ တည်ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ