အသက်စွန့်ပြီး ကူတဲ့ ဝန်ကြီးကို ချီးကျူး

  • 22 မတ် 2017
ဓာတ်ပုံ မူပိုင် Stefan Rousseau
Image caption အငယ်တန်း ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး တိုဘိုင်းယားစ် အဲလ်ဝုဒ်

အငယ်တန်း ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး တိုဘိုင်းယားစ် အဲလ်ဝုဒ်က ပါလီမန် နားက တိုက်ခိုက်မှုမှာ ထိခိုက် ဒဏ်ရာရသူတယောက်ကို အသက်ကယ် အကူအညီပေးနေတဲ့ ပုံတွေ ထွက်လာပြီးနောက် သူ့ကို သူရဲကောင်းအဖြစ် ချီးကျူး နေကြပါတယ်။

ဝက်စမင်စတာ တံတားပေါ်မှာ လူတွေကို ကားနဲ့ လျှောက်တိုက်ခဲ့သူက ပါလီမန် ဝင်းထဲ ဝင်ပြီး ရဲ အရာရှိကို ဓားနဲ့ထိုးခဲ့ပြီးနောက် သူ့ကို ရဲက ပစ်သတ်ခဲ့ပါတယ်။

ဒီအချိန်မှာ ကွန်ဆာဗေးတစ်ပါတီက အရင် တပ်အရာရှိဟောင်း အဲလ်ဝုဒ်က ဒဏ်ရာရ ရဲ အရာရှိကို ပါးစပ်ချင်း တေ့ပြီး လေမှုတ်သွင်းကာ အသက်ကယ်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ရဲ အပါအဝင် လူ ၄ ယောက် အခင်းဖြစ်ပွားရာမှာပဲ သေဆုံးခဲ့ပါတယ်။

အဲလ်ဝုဒ်ရဲ့ ညီအစ်ကိုထဲက တယောက်က ၂ဝဝ၂ ခုနှစ် ဘာလီ ကျွန်း ဗုံးခွဲခံရမှုမှာ သေဆုံးခဲ့ရပါတယ်။

နေ့လယ်ကလည်း ရဲက လူတွေကို လုံခြုံရေး အတွက် ဘေးကင်းရာကို သွားခိုင်းချိန်မှာ အဲလ်ဝုဒ်က အခင်းဖြစ်ပွားရာကို သွားပြီး ကူညီတာကို တွေ့ရတယ်လို့ သူ့မိတ်ဆွေ ပါလီမန် အမတ်တွေက ဆိုပါတယ်။

ရဲ အရာရှိ ဒဏ်ရာတွေပေါ် လက်နဲ့ဖိပြီး အသက်ကယ်ခဲ့တဲ့ အဲလ်ဝုဒ်ရဲ့ မျက်နှာနဲ့ လက်တွေမှာ သွေးတွေ ပေနေတဲ့ ပုံတွေလည်း တွေ့ရပါတယ်။

ဒီလို အသက်စွန့်ပြီး ကူညီခဲ့လို့ သူဟာ လွှတ်တော်အမတ်တွေရဲ့ ဂုဏ်ကို ဆောင်ပါတယ် ဆိုပြီး အတိုက်အခံ လစ်ဘရယ် ဒီမိုကရက် ပါတီ ခေါင်းဆောင်က ချီးကျူးခဲ့ပါတယ်။

မစ္စတာ အဲလ်ဝုဒ်ဟာ အရှေ့အလယ်ပိုင်း၊ အာဖရိကဒေသတွေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာ အငယ်တန်း ဗြိတိသျှ အစိုးရ ဝန်ကြီး တယောက် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ