လန်ဒန်တိုက်ခိုက်မှု အသေးစိတ်ဖြစ်ပွားပုံ

  • 23 မတ် 2017
ဓာတ်ပုံ မူပိုင် DANIEL LEAL-OLIVAS
Image caption ပါလီမန်ထဲက လူတွေ ထွက်ပြေးလာ

ဗုဒ္ဓဟူးနေ့ လန်ဒန်အချိန် နေ့လယ် ၂နာရီ မိနစ် ၄၀ လောက်မှာ လန်ဒန်မြို့လယ်က ပါလီမန် နားမှာ ရုတ်ရုတ်သဲသဲ အခြေအနေဖြစ်ပေါ်နေတယ်လို့ လန်ဒန်ရဲတပ်ဖွဲ့ ဖြစ်တဲ့ မက်ထရိုလီတန်ရဲက သတင်းရရှိပါတယ်။

သိမ်းမြစ်ထဲမှာ လူတယောက်ကိုတွေ့ရတယ်၊ နောက်တခါ ကားတစီးက လူတွေကို ဝင်တိုက်နေတယ်၊ နောက်ပြီးတော့ ဓားကိုင်ထားတဲ့ လူတယောက်ကိုလည်း မြင်ရတယ်လို့ ရဲကို သတင်းပေးကြပါတယ်။

တချိန်ထဲမှာပဲ ဘီဘီစီဆီ လည်း သတင်းတွေ ဆက်တိုက်ဆိုသလို ဝင်လာပါတယ်။

မျက်မြင်သက်သေတွေက ပါလီမန်အနီးက ဝက်စမင်စတာတံတားပေါ်မှာ ကားတစီးက လမ်းသွားလမ်းလာတွေကို မရှောင်ဘဲ အရှိန်နဲ့ ဒလစပ် မောင်းပြီး ပလက်ဖောင်းပေါ်က လူတွေကို တိုက်သွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီအထဲကမျက်မြင်သက်သေ တဦးပြောပြတာက

ကျနော်က ကားမီးပွိင့်မှာ မီးစိမ်းကိုစောင့်နေတုန်း အရှိန်နဲ့မောင်းလာတဲ့ကားတစီးက ကျွန်တော့်ကိုကျော်မောင်းသွားပါတယ်။ မီးပွိုင့်အလွန်မှာ ဆိုင်ငယ်လေးတဆိုင်ရှိပါတယ်။ အဲ့ဒီဆိုင်နားမှာ ပထမဆုံးလူတယောက်ကို ကားကဝင်တိုက်လိုက်တယ်။ ကျွန်တော်က ပထမတော့ အမှုမဲ့အမှတ်မဲ့နေမိရာက စက္ကန့်ပိုင်းအတွင်းမှာ ဒုတိယလူ၊ နောက် တတိယတယောက်ကိုပါလိုက်တိုက်နေတော့ သွေးရိုးသားရိုး မဟုတ်တော့ဘူးလို့စိတ်ထဲမှာဖြစ်မိတယ်။ ဒီနောက်ဘာတွေဖြစ်သွားသလဲဆိုတာ ကျနော်လည်း မသိတော့ဘူး။ ကားက တံတားအဆုံးအထိဆက်မောင်းပြေးသွားပြီး ပလက်ဖောင်းမှာ လူတွေအများကြီးအုံနေတာကိုလည်း တွေ့ရတယ်။

ဒီမျက်မြင်သက်သေ ပြောတဲ့ အဲဒီကားက ပါလီမန်ခြံဝင်းအပြင်က သံတိုင်ကို ဝင်တိုက်ပြီး ကားမောင်းသမားက ကားပေါ်က ဆင်းပြေးသွားပါတယ်။ ဝက်စမင်စတာ တံတားပေါ်မှာ ကားတိုက်ခံရတဲ့ လူနှစ်ယောက်က ပွဲချင်းပြီး သေဆုံး သွားပါတယ်။

ဓာတ်ပုံ မူပိုင် FACUNDO ARRIZABALAGA
Image caption တံတားပေါ်မှာ ကယ်ဆယ်ရေး လုပ်ဆောင်

တံတားပေါ်မှာ တုန်လှုပ်ခြောက်ခြားစရာ အခြေအနေတွေနဲ့ ကြုံတွေ့နေရတုန်းမှာပဲ ပါလီမန် ဝင်ပေါက်ဝက အစောင့်ရဲကို လူတယောက်က ဓားနဲ့ထိုးပြီး ထွက်ပြေးသွားလို့ အဲ့ဒီလူကို ရဲက အသေပစ်သတ် ဖမ်းဆီး လိုက်ပါတယ်။

မက်ထရိုပိုလီတန် ရဲအဖွဲ့ရဲ့ အငြိမ်းစား ဒုရဲမင်းကြီး Lord Paddick က အဲ့ဒီအချိန်က ပါလီမန်ထဲမှာ ရှိနေပါတယ်။

ကျနော်က ကော်မီတီ အစည်းအဝေးအခန်းထဲမှာ ရှိနေတုန်းမှာ အော်ဟစ်သံတွေနဲ့ သေနတ်သံလို အသံကြားလိုက်ရတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ကျနော် ဒါလောက်ပဲသိပါတယ်။ ပါလီမန်ထဲမှာရှိနေတဲ့လူတွေ ဘယ်သူမှ အန္တရာယ် မရှိအောင် ရဲက ဆောင်ရွက်ပေးတဲ့အတွက် ရဲအဖွဲ့ကို ချီးကျူးရမှာပါလို့ သူက ဆိုပါတယ် ။

ဓာတ်ပုံ မူပိုင် Jack Taylor
Image caption ရဲက ပါလီမန်တဝိုက်ကို ပိတ်ချလိုက်

ရဲက ပါလီမန်တဝိုက်ကို ပိတ်ချလိုက်ပြီး ပါလီမန်ထဲကနေ ဘယ်သူ့ကိုမှ အပြင်ကို ပေးမထွက်ပါဘူး။ ပါလီမန်ထဲမှာ အမတ်တွေ ဧည့်သည်တွေနဲ့ အမေနဲ့ ကလေးဌာနမှာလည်း ကလေးအများအပြားရှိပါတယ်။

ရဲကို ဓားနဲ့ထိုးပြီး တိုက်ခိုက်တဲ့သူဟာ ကားပေါ်က ဆင်းပြေးသွားတဲ့သူ ဖြစ်ပြီး သူက တကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားတယ်လို့ Daily Mail သတင်းစာက သတင်းထောက် Quentin Letts ကပြောပါတယ်။ သူရဲ့ရုံးခန်းက အခင်းဖြစ်တဲ့နေရာကို လှမ်းမြင်နေရတော့ သူမြင်တွေ့တာကို ပြန်ပြောပြပါတယ်။

ဒီလူရဲ့လက်ထဲမှာ တခုခုကိုင်ထားပါတယ်။ တုတ်လိုလို အရာ၀တ္ထုတခုခုကိုကိုင်ထားတယ်။ အဝါရောင် အပေါ်အင်္ကျီ ဝတ်ထားတဲ့ ရဲတွေကသူ့ကိုစစ်ဆေးနေတာတွေ့ရတယ်။ အဲ့ဒီအချိန်မှာပဲ ရဲတယောက်က အောက်ကို လဲကျသွားပါတယ်။ အင်္ကျီအနက်နဲ့ လူက ရဲကိုလက်ထဲက ပစ္စည်းနဲ့ ထိုးတော့မလို ရိုက်တော့မလို ပုံစံနဲ့ လက်ကို ဝှေ့ယမ်းနေပါတယ်။ ဒီအချိန်မှာ ကျန်တဲ့ရဲက ပြေးပြီး အကူအညီတောင်းတော့ ချက်ချင်းဆိုသလိုပဲ ရဲတွေရောက်လာပါတယ်။ အင်္ကျီအနက်နဲ့လူက လွှတ်တော် အမတ်တွေ အသုံးပြုတဲ့ ပါလီမန် ၀င်ပေါက်ဘက်ဆီ ထွက်ပြေးပါတယ်။ သူ့နောက်က အရပ်ဝတ် ရဲနှစ်ယောက် လိုက်လာပြီး သူ့ကိုအော်ဟစ်သတိပေးပါတယ်။ ဒါပေမယ့် ဒီလူက ဂရုမစိုက်ဘဲ ဆက်ပြေးတော့ ရဲက နှစ်ချက်သုံးချက် လှမ်းပစ်လိုက်တဲ့အခါမှာ ဒီလူလည်း ပုံရက်သား ခွေကျသွားတယ်။

ဓားထိုးခံရတဲ့ရဲကို အမတ်တယောက်က ပါးစပ်ထဲလေမှုတ်သွင်းပြီး အသက်ကယ်ဖို့ ကြိုးစားပေမယ့် အခင်းဖြစ်တဲ့နေရာမှာပဲ အသက်ထွက်သွားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption သေဆုံးသူ ရဲအရာရှိ ကိသ်ပါးလ်မား

ဒီအကြမ်းဖက်တိုက်ခိုက်သူက တဦးတည်းလို့ ရဲက ယူဆပါတယ်။ ဒါပေမယ့် ဒီအကြမ်းဖက်တိုက်ခိုက်မှု နောက်ကွယ်မှာ မည်သူမည်ဝါတွေ ရှိနေသလဲ ဆိုတာကိုတော့ ရဲကမကြေညာသေးပေမယ့် အကြမ်းဖက် လုပ်ရပ်ဖြစ်တယ်လို့ ရဲက အတိအလင်းပြောပါတယ်။

ဒီကနေ့ ဖြစ်ရပ်ကြောင့် လန်ဒန် မြို့သူမြို့သားတွေ ထိပ်လန့်တုန်လှုပ်သွားတာကို ထင်ထင်ရှားရှားတွေ့မြင်ရပေမယ့် ဒီမိုကရေစီရဲ့ အချက်အခြာ ဝက်စမင်စတာ ပါလီမန်ဝင်းထဲ အခုလို ဝင်ရောက်တိုက်ခိုက်တာဟာ ဒီမိုကရေစီကို ထိပါးတာလို့ သူတို့က ခံယူကြပြီး ဝန်ကြီးချုပ် ထရီဇာမေက အကြမ်းဖက်ဝါဒကို လက်မခံဘူးလို့ တုန့်ပြန်ပြောဆိုလိုက်ပါတယ်။