ပါလီမန်တိုက်ခိုက်သူဟာ ဗြိတိန်နိုင်ငံသားဖြစ်

  • 23 မတ် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဗြိတိန်မှာ ဝမ်းနည်းခြင်းအလံတဝင်လွှင့်ထူ

မတ်လ ၂၂ ရက် ဗုဒ္ဓဟူးနေ့က လန်ဒန်မြို့လယ် ပါလီမန်အနားမှာ တိုက်ခိုက်မှု လုပ်ခဲ့သူဟာ ဗြိတိန်မှာ မွေးဖွားခဲ့သူဖြစ်ပြီး အရင်ကလည်း အစွန်းရောက် အကြမ်းဖက်မှုနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်မေးတာ တစ်ကြိမ်ခံခဲ့ရဖူးတယ်လို့ ဝန်ကြီးချုပ် ထရီစာမေက ပြောလိုက်ပါတယ်။

ဒါပေမယ့် သူဟာသိပ်အရေးပါသူ မဟုတ်ဘူးလို့လုံခြုံရေးအရာရှိတွေက ယူဆခဲ့ကြပြီး အခုလို တိုက်ခိုက်မှုလုပ်မယ်ဆိုတဲ့ သတင်းလည်းကြိုတင်မရခဲ့ပါဘူးလို့ ဒီကနေ့ပါလီမန်မှာ မစ္စက်မေက လွှတ်တော်အမတ်တွေကိုရှင်းပြခဲ့ပါတယ်။

ရာနဲ့ချီတဲ့ ရဲထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေညက တစ်ညလုံး လန်ဒန်၊ ဘာမင်ဟန်နဲ့ တခြားမြို့တွေမှာ အိမ်တွေကို ဝင်ရှာခဲ့ပြီး လူ ၈ ယောက်ကို ဖမ်းခဲ့ပါတယ်။

ဓားနဲ့ထိုးခဲ့သူအသုံးပြုခဲ့တဲ့ကားကို ဘာမင်ဟန်မြို့က ငှားရမ်းခဲ့တယ် ဆိုတာလည်း ရဲတွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အကြမ်းဖက်သမားက ကားနဲ့ ဝင်တိုက်လို့ ဝက်စမင်စတာတံတားပေါ်မှာ လူ နှစ်ယောက် သေဆုံးခဲ့ပါတယ်။ သူဓားနဲ့ထိုးလို့ ရဲတစ်ဦးသေပြီး သူ့ကိုလည်းရဲတွေက ပစ်ခတ်လို့ ဒဏ်ရာရပြီး သေဆုံးခဲ့ပါတယ်။ အကြမ်းဖက်သမားရဲ့ တိုက်ခိုက်မှုမှာ ဒဏ်ရာရသွားသူ အယောက် ၄၀ ရှိပြီး နိုင်ငံ ၁၁ နိုင်ငံက နိုင်ငံသားတွေ ပါတယ်လို့ သိရပါတယ်။

အစ္စာလာမ်မစ်နိုင်ငံအဖွဲ့ အိုင်အက်စ်ကတော့ တိုက်ခိုက်မှုကို သူတို့ တပ်သားတစ်ယောက် လုပ်ခဲ့တာလို့ ပြောထားပါတယ်။

မစ္စက်ထရီစာမေက အခုတိုက်ခိုက်မှုဟာ ဒီမိုကရေစီ၊ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လူ့အခွင့်အရေးနဲ့ ဥပဒေစိုးမိုးရေးတို့ကို တိုက်ခိုက်တာဖြစ်ပြီး အကြမ်းဖက်သမားဟာ သူ့မကြေနပ်ချက်ကို အကြောင်းပြုပြီး အပြစ်မရှိတဲ့ လူတွေအပေါ်ပါ မခွဲမခြား တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

မစ္စက်မေဟာ လုံခြုံရေးအရာရှိတွေနဲ့ ဒီနေ့ထပ်တွေ့မှာ ဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှု ခြိမ်းခြောက်မှု အဆင့်ကိုတော့ တိုးမြှင့်မှာ မဟုတ်ဘူးလို့ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး ဆာမိုက်ကယ်ဖယ်လွန်က ပါလီမန်လုံခြုံရေးကို ပြန်သုံးသပ်နေပြီးအဲဒီမှာ တာဝန်ကျတဲ့ ရဲတွေအားလုံးကို လက်နက်ပေးထားရမလားဆိုတာ စဉ်းစားနေတယ်လို့ ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှု ဖြစ်လို့ နားထားလိုက်ရတဲ့ ပါလီမန်အစည်းအဝေးကို ဒီနေ့ပြန်လုပ်ခဲ့ပြီး လွှတ်တော်အမတ်တွေက ထိခိုက်သေဆုံးရသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ