လန်ဒန်တိုက်ခိုက်သူဟာ ဗြိတိန်ဖွား ခါလိမာဆု ဖြစ်ကြောင်း ထုတ်ပြန်

  • 23 မတ် 2017
Image caption သေဆုံးခဲ့ရသူတွေကတော့ ရဲအရာရှိ Keith Palmer ၊ လန်ဒန်ကောလိပ်က Aysha Frade နဲ့ အမေရိကန်က ခရီးသွား ဧည့်သည် Kurt Cochran တို့ ဖြစ်ကြပါတယ်။

လန်ဒန်မြို့လယ် ပါလီမန် အနား အကြမ်းဖက် တိုက်ခိုက်သူဟာ ဗြိတိန် နိုင်ငံ မှာ မွေးဖွားသူ ဖြစ်ပြီး၊ နာမည်ကတော့ ခါလိမာဆု ဖြစ်တယ်လို့ ရဲက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်သမားဟာ ကန့်တ် နယ်ဘက်မှာ မွေးဖွားသူ ဖြစ်ပြီး၊ လောလောဆယ် ရဲရဲ့ စောင့်ကြည့်ခြင်း ခံနေရသူ မဟုတ်ဘူး လို့ ဆိုပါတယ်။ ဒါပေမယ့် အရင်တုန်း ကတော့ ပြစ်မှု အများ အပြား ရှိခဲ့ဘူး သူလို့ ပြောပါတယ်။

သူဟာ အသက် ၅၂ နှစ် အရွယ် ဖြစ်ပြီး အင်္ဂလန် အလယ်ပိုင်း West Midlands ခရိုင် မှာ နေထိုင်သူ ဖြစ်တယ်လို့ ယုံကြည်ရ ပါတယ်။

သူတို့ကိုယ် သူတို့ အစ္စလာမ် နိုင်ငံတော် လို့ ပြောတဲ့ အိုက်အက်စ် အဖွဲ့ကတော့ လန်ဒန်က တိုက်ခိုက်မှု ကို သူတို့ လုပ်တာ လို့ ဆိုပါ တယ်။

ပါလီမန်အထူးအစည်းအဝေး

ဓာတ်ပုံ မူပိုင် Reuters
Image caption အခုလို တိုက်ခိုက်ပြီး ဒီမိုကရေစီ ကို နှုတ်ဆိတ်အောင် လုပ်မရ ဘူးလို့ ပြောကြားသွား ပါတယ်

ဗြိတိန်ပါလီမန်မှာ ဒီအကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့မှာ ဝန်ကြီးချုပ် ထရီဇာမေ ကိုယ်တိုင် တက်ရောက် ပြီး အထူး အစည်း အဝေး ကျင်းပခဲ့ ပါတယ်။

အစည်း အဝေး မကျင်းပ ခင်မှာ သေဆုံး ထိခိုက် ဒဏ်ရာ ရခဲ့ သူတွေ အတွက် ဝမ်းနည်းခြင်း တမိနစ် ငြိမ်သက် ခဲ့ကြ ပါတယ်။

ပါလီမန် အဆောက်အဦး အထက်မှာ ဝမ်းနည်းခြင်း အထိမ်း အမှတ် အဖြစ် ဗြိတိန်သျှ အလံ ကို တိုင်တ၀က် လွှင့်ထူထား ကို တွေ့ ရပါတယ်။

သေဆုံးခဲ့ ရသူတွေ ကတော့ ရဲ အရာရှိ Keith Palmer ၊ လန်ဒန် ကောလိပ်က Aysha Frade၊ အမေရိကန်က ခရီးသွား ဧည့်သည် Kurt Cochran နဲ့ အကြမ်းဖက် သမား ကိုယ်တိုင်တို့ ဖြစ်ကြပါတယ်။

ဝန်ကြီးချုပ် ထရီဇာမေက သေဆုံး သွားတဲ့ ရဲ အတွက် ချီးကျူး ဂုဏ်ပြု စကား ပြောကြားခဲ့ ပြီး၊ အခုလို တိုက်ခိုက်ပြီး ဒီမိုကရေစီ ကို နှုတ်ဆိတ်အောင် လုပ်မရ ဘူးလို့ ပြောကြားသွား ပါတယ်။

ရဲ အရှာရှိ ကိသ် ပါမာ ဟာ ဒီအကြမ်းဖက် သမား ပါလီမန် ၀င်းထဲ ဝင်လို့ မရအောင် အကာ အကွယ်ပေးရင်း သေဆုံး သွားခဲ့ ရတာ လည်း ဖြစ်ပါတယ်။

နောက်ပြီး ကောလိပ်မှာ အလုပ်လုပ်တဲ့ မစ်စစ် ဖရိတ်ဒ် ကိုလည်း သူဟာ ကျောင်းသူ ကျောင်းသားတွေနဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ က အလေးထား အသိအမှတ်ပြု ခံရသူ ဖြစ်ကြောင်း ကျောင်းအုပ်ကြီးက ဝမ်းနည်းစကား ပြောပါတယ်။

ထိခိုက် ဒဏ်ရာ ရရှိခဲ့သူ တွေထဲက ၇ ယောက် ကတော့ ဆေးရုံးမှာ အရေးပေါ် ကုသမှု ခံနေရပြီး နောက်ထပ် ၂၉ ဉီးလည်း ဆေးရုံ တင်ထားရ ပါတယ်။

အကြမ်းဖက် တိုက်ခိုက်သူဟာ ဝက်စမင်စတာ တံတား တလျှောက် လူသွားလမ်း ပေါ်ကနေ ကားကို တရမ်းကြမ်း မောင်းနှင်ပြီး လမ်းသွား လမ်းလားတွေကို ဖြတ်တိုက်သွားခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီး တဉီး ဆိုရင် အဲဒီ တံတားကနေ သိမ်းမြစ်ထဲ တောင် ပြုတ်ကျ သွားခဲ့ ရတာပါ။

အဲဒီနောက် တံတား တဖက် ရောက်တော့ ပါလီမန်ထဲကို ပြေးဝင်သွားပြီး လက်နက် တစုံတရာ မပါတဲ့ ရဲ အရာရှိ ပါမာ ကို ဓားနဲ့ ထိုးခဲ့တာပါ။ အဲဒီ နောက်မှာတော့ လက်နက်ကိုင် ရဲတွေ ကနေ တိုက်ခိုက်သူကို သေနတ်နဲ့ ပစ်သတ် လိုက်တာပါ။

ရဲကစီးနင်းရှာဖွေမှုတွေလုပ်

ဓာတ်ပုံ မူပိုင် EPA
Image caption ဗုဒ္ဓဟူးနေ့ည တစ်ညလုံး လန်ဒန်၊ ဘာမင်ဟန်နဲ့ တခြား မြို့တွေမှာ စုံစမ်း ဖော်ထုတ် တာတွေ လုပ်နေ ခဲ့

အခုတော့ ဒီ အကြမ်းဖက် သမားရဲ့ တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး အိမ်လေးလုံးကို ဝင်ရောက် ရှာဖွေပြီး လူ ၇နှစ်ဦးကို ဖမ်းဆီး ထားတယ်လို့ လန်ဒန်မြို့ပြ ရဲအဖွဲ့ရဲ့ ဒုတိယရဲမင်းကြီး မာ့ခ်ရိုလီကပြောပါတယ်။ နောက်ပိုင်းမှာတော့ ဖမ်းဆီးထား သူဟာ ၈ ဉီးဖြစ်တယ်လို့ ပြောပါတယ်။

ရာနဲ့ချီတဲ့ ရဲထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေဟာ ဗုဒ္ဓဟူးနေ့ည တစ်ညလုံး လန်ဒန်၊ ဘာမင်ဟန်နဲ့ တခြား မြို့တွေမှာ စုံစမ်း ဖော်ထုတ် တာတွေ လုပ်နေ ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက် သမား အသုံးပြုခဲ့တဲ့ ကားကို ဘာမင်ဟန်မြို့က ငှားရမ်း ခဲ့တယ် ဆိုတာလည်း ရဲတွေက ဖော်ထုတ် နိုင်ခဲ့ပါတယ်။

စုံစမ်း ဖေါ်ထုတ် မှုတွေကို ဆက်လက် လုပ်ဆောင်နေပြီး ရဲက ယုံကြည်နေတာ ကတော့ ဒီလူဟာ နိုင်ငံ တကာက အကြမ်းဖက် မှုတွေကို အားကျ အတုယူပြီး တယောက်တည်း လုပ်တာ ဖြစ်မယ်လို့ ရဲမင်းကြီးက ဆိုပါတယ်။

အခု လက်ရှိ အနေ အထား အရ အများပြည်သူကို နောက်ထပ် တိုက်ခိုက် မှုတွေ ရှိမလားဆိုတာ ဘာမှ သတင်း အချက် အလက် အတိ အကျ မရှိဘူးလို့လည်း သူက ပြောပါတယ်။

လန်ဒန်မြို့က လမ်းမတွေ ပေါ်မှာ ရဲတွေကို ပိုချ ထားမှာ ဖြစ်ပြီး၊ ရဲတွေ ကို အခု အချိန်မှာ ခွင့်ရက် မပေးဘူးလို့ ဆိုပါတယ်။ နောက်ပြီး ရဲ တာဝန်ချိန်တွေ ကိုလည်း တိုးချထား ပါတယ်။

လန်ဒန်မြို့ လုံခြုံရေး

ဓာတ်ပုံ မူပိုင် AP
Image caption ၊ စုံစမ်း ထောက်လှမ်း မှုမှာ အဆင့်မြင့် တယ် ဆိုတဲ့ ဗြိတိန် ထောက်လှမ်းရေး အတွက် မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။

ဗြိတိန် MI5 ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် အန်ဒရူး ပါကာ ကတော့ အခု တိုက်ခိုက်မှုကို စက်ဆုတ်ရွံရှာဖွယ် ရှုတ်ချ ပြောဆိုလိုက်ပါတယ်။ ထောက်လှမ်းရေး အနေနနဲ့လည်း ရဲတပ်ဖွဲ့ကို အပြည့်အဝ အကူ အညီပေး လုပ်ဆောင် နေတယ်လို့ သူကပြောပါတယ်။

ကာကွယ်ရေး ဝန်ကြီး မိုက်ကယ် ဖယ်လွန် ကတော့ ပါလီမန် လုံခြုံရေးကို ပြန်လည် သုံးသပ် မယ်လို့ ပြောပါတယ်။ နိုင်ငံရဲ့ အကြမ်းဖက်မှု အန္တရာယ် ရှိတဲ့ အဆင့်ကိုလည်း အရင်အတိုင်း အထူးစိုးရိမ်ရတဲ့ အဆင့်မှာ ဆက်လက် ထားရှိလိုက်ပါတယ်။

အခု တိုက်ခိုက်မှုကို ကြည့်ရင်တော့ အကြမ်းဖက်မှု နဲ့ ပတ်သက်ရင် အတွေ့ အကြုံ ရှိတဲ့၊ စုံစမ်း ထောက်လှမ်း မှုမှာ အဆင့်မြင့် တယ် ဆိုတဲ့ ဗြိတိန် ထောက်လှမ်းရေး အတွက် မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။

အခု ဝက်စ်မင်စတာ တံတားနဲ့ ပါလီမန် ခြံ၀င်း ဆိုတာ လုံခြုံရေး အရ ဒီနေရာမှာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်လာ နိုင်လို့ လုံခြုံရေး အရာရှိတွေ အနေနဲ့ အချိန် အကြာ ကြီးကတည်းက ဒီလို မဖြစ်အောင် ပြင်ဆင် ထားတဲ့ နေရာပါ။

တိုက်ခိုက်သူရဲ့ ရည်ရွယ်ချက်ဟာ သေကျေ ဒဏ်ရာ ရအောင် သက်သက် မဟုတ်ပါဘူး။ ဒါဟာ လူတွေ အထိတ် တလန့်နဲ့ ဆောက်တည် ရာမရ ဖြစ်အောင် လုပ်တာ ဖြစ်ပြီး ဒါဟာ လန်ဒန်မြို့ကြီး နဲ့ နိုင်ငံ တခုလုံးကို တည်ငြိမ်မှု ပျက်သွား အောင် လုပ် လိုက်တာ ဖြစ်တယ်လို့ ဘီဘီစိ သတင်းထောက် ဒိုမစ်နစ် ကက်စီရာနီ က သုံးသပ်ပါတယ်။

တချိန်က သိထားတဲ့ အကြမ်း တိုက်ခိုက်မှု ဆိုတာ ပေါက်ကွဲမှု ကြီးမား လှတဲ့ ဗုံးတွေနဲ့ လပေါင်း များစွာ အချိန်ယူ တိုက်ခိုက် ခဲ့တာပါ။ အခု အဲဒီလို ဆောင်ရွက်တဲ့ အချိန်ဟာ ကျော်လွန် သွားပါပြီ။

အနောက် နိုင်ငံက လုံခြုံရေး အဖွဲ့တွေ အထူးသဖြင့် ဗြိတိန်က MI5 လို ထောက်လှမ်းရေးနဲ့ သူတို့နဲ့ ချိတ်ဆက် ဆောင်ရွက်နေတဲ့ အဖွဲ့တွေ အနေနဲ့ အဲဒီလို ဗုံးခွဲ တိုက်ခိုက်မှု အစီ အစဉ်တွေကို ဖေါ်ထုတ်တဲ့ နေရာမှာ အင်မတန်မှာ တော်ကြပြီး ဒါတွေကို တားဆီးနိုင်ကြပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှု အတွက် အချိန် အကြားကြီးယူပြီး လူတွေ အများကြီး ပါဝင် လေလေ လုံခြုံရေး အဖွဲ့တွေ ခြေရာခံ ဖမ်းဆီး နိုင်ဖို့ အခွင့် အလမ်း ပိုများ လေလေဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုလို တကိုယ်တော် ကားတို့ ဓားတို့ သုံးပြီး တိုက်ခိုက်မှု တွေကိုတော့ တင်ကြို ခြေရာခံ ဖမ်းဆီးနိုင်ဖို့ အတွက် လုံခြုံရေး အဖွဲ့တွေကို မေးခွန်းထုတ် စရာ ဖြစ်နေပြီလို့ ဒိုမစ်နစ် ကက်စီရာနီက သုံးသပ်ထားပါတယ်။