ပါလီမန် တိုက်ခိုက် ခံခဲ့ရမှု အတွင်း ၄ ယောက်မြောက် လူသေဆုံး

  • 23 မတ် 2017
Image caption လမ်းလျှောက် နေသူ အယောက် ၃ဝ ကျော်ကို ကားနဲ့ ဝင်တိုက်ခဲ့

ဗြိတိသျှ ပါလီမန် အဆောက်အဦ တိုက်ခိုက် ခံခဲ့ရမှု အတွင်း ဒဏ်ရာ ရခဲ့ သူတွေထဲက နောက်တစ်ယောက် ထပ်မံ သေဆုံး သွားတဲ့ အတွက် သေဆုံးသူ အရေအတွက် ၄ ယောက် အထိ ရှိလာပါတယ်။

အခု သေဆုံး သွားသူဟာ အသက် ၇၅ နှစ် အရွယ် အမျိုးသား တစ်ဦး ဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပေမယ့် ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာကိုတော့ မထုတ်ပြန် သေးပါဘူး။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လန်ဒန် မြို့လယ် အချက်အချာ နေရာမှာ ရှိတဲ့ ပါလီမန် အဆောက်အဦကြီး အနီး ခါလစ် မာဆူ့ဒ် ဆိုသူဟာ ပလက်ဖောင်းပေါ် လမ်းလျှောက် နေသူ အယောက် ၃ဝ ကျော်ကို ကားနဲ့ ဝင်တိုက်ခဲ့သလို ပါလီမန် အဆောက်အဦ ဂိတ်ဝက လုံခြုံရေး ရဲကိုလည်း ဓားနဲ့ အသေ ထိုးသတ် ခဲ့ပါတယ်။

ကျူးလွန်သူ ခါလစ် မာဆူ့ဒ် ကိုလည်း ရဲက အသေ ပစ်သတ် ခဲ့ပါတယ်။

ခါလစ် မာဆူ့ဒ်ဟာ တခါက ဗြိတိသျှ ထောက်လှမ်းရေး အဖွဲ့ရဲ့ စောင့်ကြည့်တာ ခံခဲ့ရဖူးသူ ဖြစ်ပါတယ်။

သတိထား စောင့်ကြည့်ရမယ့် သူတွေရဲ့ စာရင်းထဲ လက်ရှိ မှာတော့ အဲဒီသူ ပါဝင် မနေတဲ့ အတွက် အခုလို အတိုက်အခိုက် ခံလိုက်ရတာဟာ ထောက်လှမ်းရေး ပေါ့လျော့မှုကြောင့်လို့ မဆိုနိုင်ကြောင်း ပြည်ထဲရေး ဝန်ကြီး အမ်ဘာရူ့ဒ်က ဘီဘီစီကို ပြောပါတယ်။

ဒီမိုကရေစီ အပေါ် တိုက်ခိုက်လာမှု အဖြစ် ဝန်ကြီးချုပ် ထရီဇာမေက ပါလီမန်ကို ပြောခဲ့ပြီး၊ ယူကေနိုင်ငံတွင်း အကြမ်းဖက် အန္တရာယ် သတိပေးမှု ဒုတိယ အမြင့်ဆုံး အဆင့် ဆက်လက် ထားရှိမယ်လို့လည်း ဆိုပါတယ်။

လန်ဒန်မြို့ရဲ့ နာမည်ကျော် ထြာဖားလ်ဂါ ရင်ပြင်မှာလည်း လူတွေ စုဝေး နေခဲ့ကြပြီး အကြမ်းဖက် တိုက်ခိုက်မှုကို ရှုတ်ချ ခဲ့ကြသလို၊ လူတွေကြား မျှဝေထားရှိတဲ့ စံတန်ဖိုးတွေကို အကြမ်းဖက်မှုက ထိပါးလို့ မရနိုင်ဘူး ဆိုတဲ့ သတင်းစကားတွေ ပေးခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ