လန်ဒန်အကြမ်းဖက်မှု ဆက်စပ်တရားခံ ရှာဖွေရေး ဆက်လုပ်နေ

  • 24 မတ် 2017
Image caption တရားခံနဲ့ ပတ်သက်တဲ့ အချက်မှန်သမျှ လာရောက် သတင်းပေးကြဖို့ကိုလည်း ရဲတွေက မေတ္တာ ရပ်ခံထား

ဗြိတိန် ပါလီမန် အပြင်ဘက်မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘာမင်ဂမ်မြို့က အိမ်တအိမ်ကို ရဲတွေက ရှာဖွေခဲ့ကြပါတယ်။

ဒီအမှုမှာ ပူးတွဲ ကြံစည်သူ ရှိမရှိ သိနိုင်ဖို့အတွက် တရားခံနဲ့ ပတ်သက်တဲ့ အချက်မှန်သမျှ လာရောက် သတင်းပေးကြဖို့ကိုလည်း ရဲတွေက မေတ္တာ ရပ်ခံထားပါတယ်။

ဒီအမှုရဲ့ တရားခံအမည်ဟာ ခါလစ် မာဆူ့ဒ်လို့ နာမည်ခံထားတဲ့ အက် ဒရီရန် ရပ်ဆယ် အားလ်မ်စ် ဖြစ်ပြီး နောက်ပိုင်းမှာ သူ့ရဲ့ ပထွေးဖြစ်သူရဲ့ နောက်ဆုံး နာမည် အာဂျေးရိုးကို ယူလိုက်တာ ဖြစ်တယ်လို့ ဗြိတိသျှရဲတွေက ပြောပါတယ်။

တရားခံ မာဆူ့ဒ်ဟာ ဓါးကိုင်ဆောင်ပြီး ကိုယ်ထိလက်ရောက် ရမ်းကားမှုနဲ့ ထောင် ၂ နှစ် ကျခဲ့ဖူးပြီး ထောင်ထဲမှာ နေတဲ့အချိန်မှာ အစ္စလာမ် ဘာသာဝင်အဖြစ် ပြောင်းလဲပြီး ခါလစ် မာဆူ့ဒ် အမည်ကို ပြောင်းလဲခံယူခဲ့တာလို့ ရဲတွေက ပြောပါတယ်။

မစ္စတာ မာဆူ့ဒ်ဟာ ဝက်စ်မင်စတာ တံတားပေါ်က လူ သုံးဆယ်လောက်ကို ကားနဲ့တိုက်မှုကြောင့် သူကိုယ်တိုင် ပစ်သတ်ခံခဲ့ရပြီး တခြား အရပ်သား ၃ ယောက်နဲ့ ရဲအရာရှိ တယောက် သေဆုံးခဲ့ရပါတယ်။

သေဆုံးသွားတဲ့သူတွေထဲက စတုတ္ထမြောက် အသက် ၇၅ နှစ်အရွယ် အမျိုးသားဟာ လန်ဒန် တောင်ပိုင်းမှာ နေထိုင်တဲ့ မစ္စတာ လက်စလေ ရုပ်ဒ်စ် ဖြစ်တယ်လို့ ရဲတွေက ထုတ်ပြန်ခဲ့ပါတယ်။

ဒီ အကြမ်းဖက်မှုကြောင့် ဒဏ်ရာရသူတွေထဲမှာ တဦးဟာ အသက်အန္တရာယ် စိုးရိမ်နေရပြီး နောက်ထပ် ၂ ယောက်ကလည်း ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

ဒီအမှုနဲ့ ဆက်စပ်ပြီး နောက်ထပ် လူ ၂ ဦးကိုလည်း ရဲတွေက ဖမ်းဆီးခဲ့ပြီး ဖမ်းထားသူ စုစုပေါင်း ကိုးဦး ရှိပြီလို့ သိရပါတယ်။

အစောပိုင်းက ဖမ်းဆီးထားတဲ့အထဲက အမျိုးသမီးတဦးကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ