အာဏာရရင် ရုရှားကို စီးပွားရေး ပြန်ဖွင့်ပေးဖို့ ကြိုးစားမယ်လို့ မရင်းလပန်းပြော

  • 24 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံရပ်ခြားက သမ္မတ ကိုယ်စားလှယ်လောင်း တယောက်အတွက် ရုရှားသမ္မတ ပူတင်နဲ့ ရှားရှားပါးပါး တွေ့ခွင့်ရတဲ့ အခြေအနေ

ပြင်သစ် သမ္မတလောင်း မာရင်း လပန်းဟာ ရုရှားကို စီးပွားရေး ပိတ်ဆို့မှုတွေကို ဆန့်ကျင်ခဲ့ပြီး သူ အာဏာရလာရင် ဒါတွေကို ဖယ်ရှားဖို့ တတ်နိုင်သလောက် ကြိုးစားသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

မစ္စ လပန်းနဲ့ တွေ့ဆုံခဲ့တဲ့ ရုရှားသမ္မတ ပူတင်ကလည်း သူဟာ နောက်လမှာ ကျင်းပမယ့် ပြင်သစ် ရွေးကောက်ပွဲကို လွှမ်းမိုးဖို့ ကြိုးစားနေတာ လုံးဝမဟုတ်ပေမယ့် နိုင်ငံရေး အင်အားစု အကုန်လုံးနဲ့ ဆက်ဆံပိုင်ခွင့်တော့ သူ့မှာ ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒါဟာ နိုင်ငံရပ်ခြားက သမ္မတ ကိုယ်စားလှယ်လောင်း တယောက်အတွက် ရုရှားသမ္မတ ပူတင်နဲ့ ရှားရှားပါးပါး တွေ့ခွင့်ရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ အင်အားကြီးနိုင်ငံ တခု၊ နှစ်ခုထဲ မဟုတ်တော့တဲ့ ခေတ်ကို ကိုယ်စားပြုနေပြီး လွတ်လပ်တဲ့ နိုင်ငံတွေ အချင်းချင်း ပူးပေါင်းမှုကို အခြေခံရမယ်လို့လည်း မစ္စ လပန်းက ပြောခဲ့ပါတယ်။

ဥရောပ သမဂ္ဂနဲ့ အမေရိကန်နိုင်ငံက ရုရှားကို စီးပွားရေး ပိတ်ဆို့မှုတွေ ဖြစ်စေခဲ့တဲ့ ယူကရိန်းရဲ့ ခရိုင်းမီးယားနယ် ရုရှားပိုင် ဖြစ်သွားတဲ့ ကိစ္စမှာလည်း ဒီနယ်ဟာ အစတည်းက ရုရှားပိုင်ပဲလို့ သူက ပြောခဲ့ပါတယ်။

ရုရှားသမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ ပက်ရှကော့ဗ်ကလည်း မစ္စ လပန်းရဲ့ မဲဆွယ်ရေး ရန်ပုံငွေကို ရုရှားဘဏ်တွေက ချေးငှားထားတယ်ဆိုတဲ့ ဘယ်လို အထောက်အထားမျိုးမှ မတွေ့ရဘူးလို့ ပြောဆိုခဲ့ပါတယ်။

အစောပိုင်းကလည်း မစ္စ လပန်းက ပြင်သစ် အာဏာပိုင်တွေရဲ့ ရုရှားအပေါ် သဘောထားဟာ တရားမျှတမှု မရှိဘူးလို့ ရုရှားပါလီမန် ဒူမားမှာ ကျင်းပတဲ့ အစည်းအဝေးတခုမှာ ပြောဆိုထားပါတယ်။

ယခင်ကလည်း မစ္စ လပန်းဟာ အမေရိကန်သမ္မတ ထရမ့်နဲ့ အနိုင်ရမိန့်ခွန်း မပြောခင် တွေ့ဖို့ ကြိုးစားခဲ့ပေမယ့် တွေ့ခွင့် မရခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ