မိုဆူးလ်မြို့ အမေရိကန် ဗုံးကြဲမှု အရပ်သား အသေအပျောက်များနေ

  • 25 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အရပ်သားတဦးကလည်း အရပ်သား အလောင်း တရာကျော်လောက် အပျက်အစီးအောက်မှာ ရှိနေတုန်းပဲလို့ ဒေသတွင်း ဘီဘီစီ သတင်းထောက်ကို ပြော

အီရတ်နိုင်ငံ မိုဆူးလ်မြို့ အနောက်ဘက်ပိုင်းကို အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ဗုံးကြဲမှုတွေ ဆက်လုပ်နေပြီး အရပ်သား အသေအပျောက်များနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိသားစု ကိုးယောက် အပျက်အစီးအောက်မှာ သေဆုံးခဲ့ရတဲ့ အရပ်သားတဦးကလည်း အရပ်သား အလောင်း တရာကျော်လောက် အပျက်အစီးအောက်မှာ ရှိနေတုန်းပဲလို့ ဒေသတွင်း ဘီဘီစီ သတင်းထောက်ကို ပြောပါတယ်။

အီရတ်စစ်တပ်ဟာ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ရဲ့ လေကြောင်း အကူအညီနဲ့ မိုဆူးလ်မြို့ အနောက်ပိုင်းကို ဆက်လက်သိမ်းပိုက်ဖို့ ကြိုးစားနေပြီး လေကြောင်း တိုက်ခိုက်မှုတွေ လည်း အဆက်မပြတ် ဆက်ရှိနေပါတယ်။

ဒေသတွင်း ဘီဘီစီ သတင်းထောက်ရဲ့ အပြောအရ ဒီနေရာ တဝိုက်က ထွက်ခွာလာတဲ့ အမျိုးသားမှန်သမျှကို အိုင်အက်စ်အဖွဲ့နဲ့ ဆက်စပ်မှု ရှိမရှိ ခေါ်ယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။

စစ်သွေးကြွတွေဘက်ကလည်း အရပ်သားတွေနဲ့ ရောနှောပြီး လူသားတံတိုင်း အဖြစ် အသုံးချဖို့ ကြိုးစားမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အီရတ်မှာ လတ်တလော ဗုံးကြဲမှုတွေကြောင့် အရပ်သား ၂၀ဝ ကျော် သေဆုံးခဲ့ရတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်စစ်တပ်ကလည်း စုံစမ်းစစ်ဆေးနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ