နိုင်ငံရေး မညီညွတ်ရင် ဥရောပ သမဂ္ဂ လိုမှာမဟုတ်လို့ ဥရောပ ကောင်စီ ဥက္ကဋ္ဌပြော

  • 25 မတ် 2017
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဥရောပ ပါလီမန်ရဲ့ ခေါင်းဆောင် အန်တိုနီယို တဂျီးနီးကတော့ သမဂ္ဂအတွင်းမှာ အခက်အခဲတွေ ရှိနေတယ်လို့ ထုတ်ပြောထား

ဥရောပဟာ နိုင်ငံရေးအရ ညီညွတ်ရမှာ ဖြစ်ပြီး မညီညွတ်ရင် သမဂ္ဂ ရှိစရာ လိုမှာ မဟုတ်ဘူးလို့ ဥရောပကောင်စီရဲ့ ဥက္ကဋ္ဌ ဒေါ်နယ်တုစ်ခ် က ပြောဆိုလိုက်ပါတယ်။

အီတလီနိုင်ငံ ရောမမြို့မှာ ဥရောပသမဂ္ဂ နှစ် ၆၀ ပြည့်ပွဲ ကျင်းပနေတာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၆၀ က ဥရောပကို စည်းလုံးစေခဲ့တဲ့ ယခင် ခေါင်းဆောင်တွေရဲ့ အမွေအနှစ်ကို ထိန်းကြမယ်ဆိုတာကို သက်သေပြဖို့ လိုကြောင်း မစ္စတာ တုစ်ခ်က ဒီပွဲမှာ ပြောခဲ့ပါတယ်။

မစ္စတာ တုစ်ခ်ဟာ သူ့ရဲ့ နေရင်း ပိုလန်နိုင်ငံရဲ့ ကွန်မြူနစ် အုပ်ချုပ်မှုကာလကို ရည်ညွှန်းပြီး အီးယူဟာ လွတ်လပ်မှု၊ ဂုဏ်သိက္ခာ၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ပေးနိုင်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

ဒါပေမယ့် ဥရောပ ပါလီမန်ရဲ့ ခေါင်းဆောင် အန်တိုနီယို တဂျီးနီးကတော့ သမဂ္ဂအတွင်းမှာ အခက်အခဲတွေ ရှိနေတယ်လို့ ထုတ်ပြောထားပါတယ်။

'ကျနော်တို့မှာ အမှားတွေ ရှိခဲ့ပြီး ပြဿနာတွေကြောင့် ကွဲလွဲမှုတွေ ရှိခဲ့လို့ သမဂ္ဂ မပီသခဲ့ပါဘူး။ ဌာန အဆင့်ဆင့် တင်းကျပ်မှုတွေကြောင့် မထိရောက်တာတွေလည်း ရှိနေတော့ ပြည်သူတွေကိုယ်တိုင် အီးယူကို မလိုလားမှုတွေ ရှိလာတဲ့အပေါ် စိုးရိမ် ပါတယ်' လို့ မစ္စတာ တဂျီးနီးက ပြောခဲ့ပါတယ်။

အစောပိုင်းမှာလည်း ဗြိတိန် မပါတော့မယ့် အီးယူ ၂၇ နိုင်ငံက ပိုပြီး စည်လုံးကြဖို့ အီတလီ ဝန်ကြီးချုပ် ပေါင်လို ဂျန်တီလိုနီက တိုက်တွန်းထားပါတယ်။

ဒီအစည်းအဝေးမှာ တက်ရောက်လာတဲ့ ၂၇ နိုင်ငံက ခေါင်းဆောင်တွေက အီးယူ စတင် ထူထောင်ခဲ့တဲ့ ၁၉၅၇ စာချုပ်ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ရေး ကြေညာစာတမ်းအသစ်ကိုလည်း လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံဟာ အဖွဲ့ဝင်အဖြစ် ဆက်ရှိနေဆဲ ဖြစ်ပေမယ့် လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေက ၂ နှစ်အတွင်း အီးယူက ထွက်ဖို့ ကိစ္စကို တရားဝင် စလုပ်တော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ