ဥရောပ သမဂ္ဂ ကြေညာစာတမ်း အသစ် လက်မှတ် ရေးထိုး

  • 26 မတ် 2017
Image caption ဥရောပ မြို့ကြီးတွေမှာ အီးယူ ထောက်ခံပွဲတွေ ပြုလုပ်

ဥရောပသမဂ္ဂ EU ပေါ်ပေါက် လာဖို့ အခြေခံ အုတ်မြစ် ဖြစ်တဲ့ ရောမမြို့ သဘောတူ စာချုပ် လက်မှတ် ရေးထိုး ခဲ့ကြတာ နှစ် ၆ဝ ပြည့်မြောက် ခဲ့ပြီ ဖြစ်ပါတယ်။

EU ခေါင်းဆောင်တွေ စုဝေးခဲ့ကြတဲ့ အခမ်းအနားမှာ ဥရောပ တခွင် ပိုမို သွေးစည်း ညီညွတ်ကြဖို့ အလေးထား ပြောဆို နေကြပါတယ်။

၁၉၅၇ ရောမ သဘောတူ စာချုပ်ကို အလေးအမြတ် ပြုတဲ့ အနေနဲ့ ဥရောပ သမဂ္ဂ ကြေညာစာတမ်း အသစ် တစ်စောင်ကိုလည်း လက်မှတ် ရေးထိုးခဲ့ကြ ပါတယ်။

နိုင်ငံ ၆ နိုင်ငံကြား မူလ သဘောတူ စာချုပ်ခဲ့တဲ့ ရောမမြို့တော်က ကက်ပီတလိုင်း တောင်ကုန်း ပေါ်မှာပဲ EU ၂၇ နိုင်ငံက ခေါင်းဆောင်တွေဟာ သွေးစည်းညီညွတ်ကြောင်း ကြေညာစာတမ်း ပေါ် လက်မှတ် ရေးထိုး ကြတာ ဖြစ်ပါတယ်။

ဥရောပ အနေနဲ့ နိုင်ငံရေး အင်အားစု အနေနဲ့ စည်းလုံးကြဖို့က လွဲပြီး တခြားနည်း မရှိဘူးလို့ ဥရောပ ကောင်စီ ဥက္ကဌ ဒေါ်နယ် တုစ်ခ်က ပြောပါတယ်။

အီးယူကို ထောက်ခံတဲ့ ချီတက် ပွဲတွေကို ဥရောပ တလွှားမြို့ကြီးတွေမှာ လူတွေ သန်းချီ ပါဝင်ပြီး ပြုလုပ်နေတာကို ကြည့်ရင် ဥရောပ သမဂ္ဂ အဖွဲ့ ဆိုတာ ကြွေးကြော်သံ မည်ကာမတ္တ သက်သက် မဟုတ်ဘူး ဆိုတာ ထင်ရှားတယ်လို့လည်း မစ္စတာ တုစ်ခ်က ဆိုပါတယ်။

EU အဖွဲ့ထဲက နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဖြစ်တဲ့ ဗြိတိန်မှာလည်း မြို့တော် လန်ဒန် မှာ လူတွေ သောင်းနဲ့ချီ စုရုံးလို့ EU ထဲက မနှုတ်ထွက်ရေး ချီတက် ဆန္ဒပြ ခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ထရီဇာမေ အနေနဲ့ EU ထဲက နှုတ်ထွက်ရေး လုပ်ငန်းစဉ်ကို တရားဝင် စတင်ဖို့ ၄ ရက် ပဲ လိုပါတော့တယ်။

ဒီ Brexit နှုတ်ထွက်ရေး လုပ်ငန်းစဉ်ဟာ ၂ နှစ် အချိန်ယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။