အူဘာကုမ္ပဏီရဲ့ မောင်းသူမဲ့ကား မှောက်လို့ ဒီကားတွေရုပ်သိမ်းထား

  • 26 မတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မောင်းသူမဲ့ကားမှာလည်း စောင့်ကြည့်သူ ပါဝင်တဲ့အတွက် ဘယ်လိုဖြစ်တာလဲဆိုတာ မရှင်း

နိုင်ငံတကာ အငှားယာဉ် ကုမ္ပဏီ အူဘာရဲ့ မောင်းသူမဲ့ ကားတစီး မနေ့က အရီဇိုးနား ပြည်နယ်အတွင်း မတော်တဆ ဖြစ်ပြီး နောက်ပိုင်းမှာ သူ့ရဲ့ မောင်းသူမဲ့ ကားတွေကို အကုန်လုံးကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။

ဒီကုမ္ပဏီဟာ ကလီဖိုးနီးယား၊ ပင်ဆယ်လ်ဗေးနီးယားနဲ့ အရီဇိုးနား ပြည်နယ်တွေမှာ မောင်းသူမဲ့ ကားတွေကို လောလောဆယ် ပြေးဆွဲနေတာ ဖြစ်ပါတယ်။

မတ်လ ၂၄ ရက်နေ့မှာ ဒီအငှားကားကုမ္ပဏီရဲ့ ဗော်လဗို ကုမ္ပဏီထုတ် မောင်းသူမဲ့ကားက တမ်ပေမြို့ တနေရာမှာ လမ်းဘေးကို တစောင်း အနေအထားနဲ့ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီကားနဲ့ ယှဉ်မောင်းလာတဲ့ ကားက လမ်းပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် မှောက်ခဲ့တာလို့ ရဲဘက် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပေမယ့် မောင်းသူမဲ့ကားမှာလည်း စောင့်ကြည့်သူ ပါဝင်တဲ့အတွက် ဘယ်လိုဖြစ်တာလဲဆိုတာ မရှင်းဘူးလို့ သူကပြောပါတယ်။

ဒီ တိမ်းမှောက်မှုမှာ ကြီးကြီးမားမား ဒဏ်ရာရတာ မရှိခဲ့ပေမယ့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် မောင်းသူမဲ့ ပြေးဆွဲမှုတွေ အကုန်လုံးကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

အူဘာ ကုမ္ပဏီဟာ လတ်တလောမှာ လုပ်ငန်းခွင် ကျင့်ဝတ် မကောင်းဘူးလို့ သတင်းထွက်တဲ့ ပြဿနာတွေ ကြုံနေရပြီး ဥက္ကဋ္ဌ ဂျက်ဖ်ဂျုံးအပါအဝင် တခြား အကြီးတန်း ကုမ္ပဏီ အရာရှိတွေလည်း မကြာသေးခင်က အလုပ်ထွက်သွားခဲ့ပါတယ်။

အူဘာ ကုမ္ပဏီဟာ သူ့ကို စစ်ဆေးမယ့် ဌာနဆိုင်ရာတွေကိုလည်း လှည့်ဖျားဖို့ ကြိုးစားမှုတွေ ရှိခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရဖူးပါတယ်။

နောင်လာမယ့် ၁၀ စုနှစ်အတွင်းမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀ လောက်အထိ တန်ကြေးရှိလာမယ့် မောင်းသူမဲ့ကား ဈေးကွက်ကို လွှမ်းမိုးနိုင်ဖို့အတွက် လက်ရှိအချိန်မှာ နည်းပညာကုမ္ပဏီတွေက အပြိုင်အဆိုင် ကြိုးစားလာကြတာတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ