ရုရှ အတိုက်အခံ နိုင်ငံရေးသမား ဖမ်းခံရ

  • 27 မတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆန္ဒပြသူ ၅၀၀ ကျော် လည်း နိုင်ငံ အနှံ့ မှာ အဖမ်းခံရ

ရုရှ နိုင်ငံ မှာ နှစ် အတန်ကြာ ကာလ အတွင်း မှာ မကြုံစဖူး လူထုအင်အား ခုနှစ်ထောင် မှ ရှစ်ထောင် အထိ ပါဝင်တဲ့ ရုရှ ထိပ်တန်း အာဏာပိုင်တွေ ကို အံ့တု တဲ့ ချီတက် ဆန္ဒပြပွဲ ကြီး ကို အတိုက်အခံ ခေါင်းဆောင် အလက်ဇေ နာဗားနီ ဦးဆောင်ပြီး ကျင်းပ ခဲ့ပါတယ်။

ရုရှ မှာက ခွင့်ပြုမိန့်ကျ မှ ဆန္ဒပြရတာပါ။ မစ္စတာ နာဗားနီ က မြို့ကြီး ၉၉ မြို့မှာ အစိုးရ ရဲ့ အဂတိ လိုက်စားမှု ကြီးထွားနေတာကို ထောက်ပြဆန္ဒပြဖို့ စီစဉ်ရာမှာ ၇၂ မြို့ မှာ ခွင့်ပြုမိန့် မကျခဲ့ပါဘူး။

ဆန္ဒပြသူတွေ က ဝန်ကြီးချုပ် ဒီမီထရီ မာ့ဒ်ဒီယက်ဖ်ဒေါ့ဗ် ကို အဂတိလိုက်စားမှု အကြီးအကျယ်ရှိနေကြောင်း စွပ်စွဲ ကြရာမှာ သူဟာ အိမ်ဂေဟာ အဆောက်အအုံ တွေ အများအပြားပိုင်သလို အပျော်စီး ရွက်လှေတွေ၊ စပြစ်ခြံ တွေ အပြင် ဘဲတွေ မွေးတဲ့ အိမ် ပင် ရှိနေကြောင်း၊ သမ္မတ ပူတင် ဟာ လည်း နိုင်ငံတော် ဘဏ္ဍာ ကို ကိုယ်ပိုင် အလား သုံးစွဲနေတဲ့ အတွက် ရာထူး က နှုတ်ထွက်ကြဖို့ အော်ဟစ် တောင်းဆိုကြတာပါ။

အခုလို ထိပ်ပိုင်းအရာရှိတွေ အဂတိ လိုက်စားနေကြလို့ နိုင်ငံ နဲ့ ပြည်သူ ဆင်းရဲ တွင်း နစ်နေကြတာ ကို ထောက်ပြ ကြတာပါ။

မစ္စတာ နာဗားနီ နဲ့ ဆန္ဒပြသူ ၅၀၀ ကျော် လည်း နိုင်ငံ အနှံ့ မှာ အဖမ်းခံရပါတယ်။ ဒါပေမဲ့ မစ္စတာ နာဗားနီ က ဗီဒီယို သတင်းစကား ပါးထားခဲ့ရာမှာတော့ နှစ်ပေါင်း ၁၀စု နှစ်နဲ့ ချီပြီး အခုလို လူထုအင်အား ထောင်နဲ့ ချီ ဆန္ဒမပြခဲ့ ကြတာ အခုတော့ ဆက်ပြီး သည်းခံနိုင်စွမ်း မရှိကြ တော့ပါဘူး။ ဒါကြောင့် မို့ ကျနော် ကိုယ်တိုင်လည်း လူထု နဲ့ အတူ ပါဝင်ခွင့် ရတာကို ဝမ်းသာ လို့ မဆုံးပါဘူး လို့ ပြောခဲ့ပါတယ်။

အဖမ်းခံရပြီး တဲ့ နောက်မှာလည်း twitter နဲ့ သတင်းစကား ထပ်မံ ပါးရာမှာ သူ့ အတွက် စိတ်မပူကြဖို့၊ ဆန္ဒပြပွဲ ဆက်လုပ်ဖို့ ပြောထားပါတယ်။

မစ္စတာ နာဗားနီ ကိုယ်တိုင်လည်း လာမဲ့ ၂၀၁၈ ခု သမ္မတ ရွေးကောက်ပွဲ ကျရင် သမ္မတ ပူတင် ကို ယှဉ်ပြိုင် အရွေးခံမယ် လို့ ကြေညာခဲ့ ဖူးပါတယ်။ ဒါပေမဲ့ သူ့ကို ပြစ်မှု ကျူးလွန်ဖူးတယ် ဆိုပြီး ပိတ်ပင် တားမြစ်ထား လို့ ဒါဟာ နိုင်ငံရေး လှုံ့ဆော် လုပ်ကြံ မှုလို့ သူ့ဘက် က တုံ့ပြန် ခဲ့ပါတယ်။

ဒီဆန္ဒပြပွဲ ကို ကျောင်းသား တွေ ပါဝင်လို့ မရအောင် အစိုးရ က ဖိအားပေး တားမြစ်ထားသလို ကျောင်းစာမေးပွဲ ကိုလည်း တချို့မြို့တွေ မှာ တနင်္ဂနွေ မှာ စစ်ကြပါတယ်။