ထရမ့် ရဲ့ သားမက် ကို စစ်မေးဖို့ ဆီးနိတ်စီစဉ်

  • 28 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာ ကူရှ်နာ အနေနဲ့ ဆီးနိတ် ကော်မတီ မေးမြန်းမှု ကို လက်ခံ ဖို့ အသင့် လို့ ပြော

အမေရိကန် ဆီးနိတ် စုံစမ်းရေးကော်မတီ အဖွဲ့ဝင်တွေ ဟာ သမ္မတ ထရမ့် ရဲ့ သားမက် ဂျရတ်ဒ် ကူရှ်နာ ကို ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ်ကာလ နဲ့ သမ္မတ အာဏာ လွှဲပြောင်းတဲ့ အချိန် အတောအတွင်း မှာ ရုရှ အစိုးရ နဲ့ ဆက်နွယ်မှု ရှိမရှိ ဆိုတာ ကို မေးမြန်းဖို့ စီစဉ်နေကြပါတယ်။

ရုရှ ဟာ သမ္မတ ရွေးကောက်ပွဲတုန်း က ဒေါ်နယ်ထရမ့် အနိုင်ရအောင် တနည်းတဖုံ မသင်္ကာဖွယ်ရာ ပတ်သက်မှု ရှိတယ် လို့ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ တွေ ဘက်က ယုံကြည်နေကြတာပါ။

အထူးသဖြင့် ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ က ရုရှ သံအမတ်ကြီး နဲ့ မစ္စတာ ကူရှ်နာ တို့ နယူးယောက် က ထရမ့် တာဝါ အဆောက်အဦး မှာ တွေ့ဆုံတဲ့ ကိစ္စ နဲ့ အမေရိကန် ဘက် က ဒဏ်ခတ် အရေးယူထားတဲ့ ရုရှ အစိုးရ ပိုင် ဘဏ်လုပ်ငန်း အကြီးအကဲ နဲ့ တွေ့ကြတဲ့ အကြောင်း ကို ဆီးနိတ် ကော်မတီ က မေးမြန်းလိုတာပါ။

သမ္မတ ထရမ့် တရားဝင် ရာထူး ယူပြီးတဲ့ အခါမှာလည်းမစ္စတာ ကူရှ်နာ ဟာ သမ္မတ ရဲ့ အကြံပေး ပုဂ္ဂိုလ် အပြင် အိမ်ဖြူတော် ဝန်ထမ်းတွေ ရွေးချယ် ခန့်အပ်ရာမှာ လည်း သူ့ လက်သူ့ခြေ လုပ်ခွင့် ရခဲ့သူပါ။

အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် ရှောန် စပိုက်ဆာ ကတော့ မစ္စတာ ကူရှ်နာ အနေနဲ့ ဆီးနိတ် ကော်မတီ မေးမြန်းမှု ကို လက်ခံ ဖို့ အသင့် လို့ ပြောပါတယ်။

ဒါ့အပြင် အခု သူ့ ကို မေးမြန်းဖို့ ပြင်ဆင်နေတဲ့ မေးခွန်းတွေ ကိုလည်း မစ္စတာ ကူရှ်နာ အနေနဲ့ သွားပြီး ဖြေဖို့ ဝန်မလေးဘူး လို့ ထင်ကြောင်း နဲ့ သူပါဝင်ခဲ့ ရတဲ့ အခန်းကဏ္ဍ နဲ့ သူတွေ့ဆုံ ခဲ့တဲ့ ပုဂ္ဂိုလ် တဦးချင်း နဲ့ ပြောဆိုကြတာ တွေ ဟာလည်း အလုပ်သဘော အရ ဖြစ် တာမို့ ဒီအချက်တွေ ကို မေ့ထားလို့ မဖြစ်ပါဘူး လို့ လည်း ဆိုပါတယ်။

ဒါပေမဲ့ ဒီအချက်တွေ ကိုပဲ ဆီးနိတ် ကော်မတီ ဘက် က စေ့စေ့စပ်စပ် မေးခဲ့ ရင် နောက်ဆုံးဦးတည်ချက် ဟာ သမ္မတ ထရမ့်ဆီ ပဲ ရောက်သွားမှာ ဖြစ်ပါတယ်။

ဒီအခါမှာ မစ္စတာ ကူရှ်နာ ရဲ့ လူသိရှင်ကြား အစစ်ခံချက် ဟာ ဘယ်လောက် အတိုင်းအတာ အထိ သမ္မတ ထရမ့် ကို အကာအကွယ် ပေးနိုင်မလည်း ဆိုတာဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်း bbc သတင်းထောက်တွေ က သတင်း ပေးပို့ထားပါတယ်။