EU ကနှုတ်ထွက်ဖို့ ဗြိတိန် တရားဝင် အကြောင်းကြား

  • 29 မတ် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ဗြိတိန် သံအမတ်ကြီး ဆာ တင် ဘာရိုး က ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ် တုစ် ထံ ကို ပေးအပ်

ဗြိတိန် နိုင်ငံ ဟာ ဥရောပ သမဂ္ဂ အဖွဲ့ဝင် အဖြစ် ကနေ နှုတ်ထွက်တော့မဲ့ အကြောင်း တရားဝင် စာရေးသား အသိပေးတဲ့ အကြောင်းကြားစာ ကို EU အဖွဲ့ကြီး ထံ ကို ပေးအပ် လိုက်ပြီ ဖြစ်ပါတယ်။

လစ်စ်ဘွန်း သဘောတူညီချက် အပိုဒ်ခွဲ ၅၀ လို့ ခေါ်တဲ့ ခွဲထွက်ရေး လုပ်ငန်းစဉ် ဆောင်ရွက်မဲ့ ကိစ္စတွေကို ဝန်ကြီးချုပ် ထရီစာ မေ က လက်မှတ် ရေးထိုး ခဲ့ပြီး ဗြိတိန် သံအမတ်ကြီး ဆာ တင် ဘာရိုး က ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ် တုစ် ထံ ကို ပေးအပ် လိုက်ပါတယ်။

ဗြိတိန် ပြည်သူ တွေရဲ့ သဘောထား အတိုင်း အခု ဆိုရင် ဥရောပ သမဂ္ဂ အဖွဲ့ ဝင် အဖြစ်က နှုတ်ထွက်မဲ့ လုပ်ငန်းစဉ် စတင် ဆောင်ရွက်ပြီ ဖြစ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ထရီစာ မေ က ပါလီမန် မှာ ပြောကြား ခဲ့ပါတယ်။

ဥရောပ သမဂ္ဂ နဲ့ ဗြိတိန် နိုင်ငံ တို့ အကြား က ကုန်သွယ်ရေး သဘောတူညီချက်၊ ဒါ့အပြင် လူဝင်မှုကြီးကြပ်ရေး စတဲ့ အပြန်အလှန် သဘောတူညီချက်တွေ ရရှိဖို့ ၂ နှစ် အချိန် ကြာမြင့်မဲ့ ညှိနှိုင်း ဆွေးနွေးမှု လုပ်ငန်း တွေကို လည်း ဒီကနေ့မှာ စတင်ပြီး ဆွေးနွေးကြမှာ ဖြစ်ပါ တယ်။