EU က နှုတ်ထွက်မဲ့ လုပ်ငန်းစဉ် ဗြိတိန် စတင်

  • 29 မတ် 2017
ဓာတ်ပုံ မူပိုင် PA
Image caption အီးယူက နုတ်ထွက်ရေး လုပ်ငန်းစဉ် စတင် လိုက်ပြီးလို့ ဝန်ကြီးချုပ် ထရီဇာမေက ပါလီမန်မှာ ပြောခဲ့

ဥရောပ သမဂ္ဂ ထဲမှာ ၄၄ နှစ်ကြာ အဖွဲ့ဝင် အဖြစ်ရှိခဲ့တဲ့ ဗြိတိန်နိုင်ငံ အီးယူကနေ ထွက်ဖို့ လူထု ဆန္ဒခံယူပွဲ အရ ဆုံးဖြတ်ခဲ့ အပြီး ၉ လ အကြာ ဒီကနေ့မှာ နုတ်ထွက်မယ်လို့ တရားဝင် အကြောင်းကြားလိုက်တာ ဖြစ်ပါတယ်။

ဗြိတိန် ပြည်သူ တွေရဲ့ဆန္ဒ အရ အီးယူက နုတ်ထွက်ရေး လုပ်ငန်းစဉ် စတင် လိုက်ပြီးလို့ ဝန်ကြီးချုပ် ထရီဇာမေက ပါလီမန်မှာ ပြောခဲ့ပါတယ်။

အီးယူကို ဖွဲ့စည်းခဲ့တဲ့ Lisbon သဘောတူ စာချုပ်ထဲမှာ ပါတဲ့ အပိုဒ်ခွဲ ၅၀ Article 50 အရ ဗြိတိန် နိုင်ငံ အီးယူ ကနေ အပြီးတိုင်နုတ်ထွက်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ ၂ နှစ် အချိန်ရပါတယ်။

အီးယူအရာရှိတွေနဲ့ ဆွေးနွေးဖို့လည်း ဗြိတိန် အရာရှိတွေ စိုင်းပြင်းနေကြပါပြီ။ ဒါပေမဲ့ တခြား အီးယူ အဖွဲ့ဝင် နိုင်ငံတွေပါ ပါဝင် ဆွေးနွေးကြဖို့ ရှိတဲ့ အကြိတ်အနယ် ညှိနှိုင်း ဆွေးနွေးမှုတွေက တော့ လာမယ့် မေလ၊ ဇွန်လ လောက် အထိ စဖြစ်ဦးမှာ မဟုတ်ပါဘူး။

ဒီမနက် ဘရပ်ဆဲလ်က အီးယူရုံးကို အလုပ်လာတက်ကြတဲ့ ဥရောပ ကော်မရှင်နာ မင်းကြီးတွေကတော့ ဗြိတိန် နုတ်ထွက်ရေး အစီအစဉ်တွေ တရားဝင် စတင်ရတော့မှာကို စိတ်မကောင်းဖြစ်နေကြပါတယ်။

ဘတ်ဂျက်နဲ့ လူသား ရင်းမြစ်ဆိုင်ရာ အီးယူ ကော်မရှင်နာ မင်းကြီး Gunther Oettinger ကလည်း ယူကေကနေ ပို့လာတဲ့ အကြောင်းကြားစာက ဥရောပ တစ်ခုလုံး အတွက် အမှန်တကယ် အနုတ်လက္ခဏာဆောင်တဲ့ သတင်းစကားပါပဲ၊ အထူး သဖြင့် ယူကေအတွက်ပါ။ လာမယ့် သီတင်းပတ်တွေ၊ လတွေ အတွင်းမှာ စေ့စပ်ညှိနှိုင်းမှုတွေကို ခက်ခက်ခဲခဲ လုပ်ရလိမ့်မယ်လို့ သူထင်ပါတယ် ဆိုပြီး ဘတ်ဂျက်နဲ့ လူသား ရင်းမြစ်ဆိုင်ရာ အီးယူ ကော်မရှင်နာ မင်းကြီးပြောပါတယ်။

ဗြိတိန်က အီးယူကနေ နုတ်ထွက်ဖို့ ၂၀၁၆ ခုနှစ် ကတည်းက ဆုံးဖြတ်ခဲ့ပေမဲ့ အခု အချိန်ကမှ နုတ်ထွက်ရေး လုပ်ငန်းစဉ်ကို စတင်မယ်လို့ ဝန်ကြီးချုပ် ထရီဇာမေက အီးယူကို ဒီနေ့မှ အကြောင်းကြားနိုင်ခဲ့ တာပါ။

မနက်ဖြန်မှာတော့ ဗြိတိန် အပေါ် အီးယူရဲ့ ဥပဒေ သက်ရောက်မှုတွေကို တဖြည်းဖြည်း ပြန်ရုပ်သိမ်း သွားမယ့် ဥပဒေကြမ်း တစ်ရပ်ကို ဝန်ကြီးချုပ် ထရီဇာမေက ထုတ်ပြန်ပါလိမ့်မယ်။

မတ်လ ၃၁ ရက်နေ့မှာတော့ ဥရောပ ကောင်စီ ဥက္ကဋ္ဌ Donald Tusk က ဗြိတိန်နဲ့ အီးယူ စေ့စပ်ညှိနှိုင်းရေး ဆိုင်ရာ လမ်းညွန်ချက်တွေ ထုတ်ပြန်ပါလိမ့်မယ်။

ဆွေးနွေးမှု တွေကို လာမယ့် နှစ် ၂၀၁၈ ဆောင်းဦး ရာသီမှာ အပြီးသတ်ဖို့ မျှော်လင့်ထား ပါတယ်။ အဲဒီလို ညှိနှိုင်း ဆွေးနွေးလို့ ရတဲ့ သဘောတူညီချက် တွေကို ဗြိတိသျှ ပါလီမန်၊ ဥရောပ ကောင်စီနဲ့ ဥရောပ ပါလီမန် အသီးသီးမှာ သဘောတူညီချက် တစ်ခုချင်းစီ အပေါ်မှာ မဲခွဲ ဆုံးဖြတ်ကြရမှာပါ။

ဒီ၂ နှစ် ကာလ အတွင်းမှာ ဗြိတိန်နဲ့ အီးယူကြားမှာ တစုံတရာ သဘောတူညီချက် မရနိုင်ဘူး ဆိုရင်တော့ ဆွေးနွေးမှုတွေကို နောက်ထပ် အချိန်တိုးယူနိုင်ပါတယ်။ ဒါပေမဲ့ ဒါကို ကျန်တဲ့ အဖွဲ့ဝင် နိုင်ငံ အားလုံးက သဘောတူရမှာ ဖြစ်ပါတယ်။

ဒါမှ မဟုတ်ရင်တော့ ဗြိတိန်က အလိုအလျောက် အီးယူ အဖွဲ့ဝင် မဟုတ်တော့ဘဲ အီးယူ ပြင်ပ ရောက်သွားမှာ ဖြစ်သွားမှာ ဖြစ်သလို လက်ရှိ အီးယူနဲ့ သဘောတူညီချက် စာချုပ်တွေ အားလုံးလည်း ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။

အဲဒီသဘောတူညီချက်တွေထဲမှာ တစ်ခုတည်းသော ဥရောပ ဘုံစျေးကွက်မှာ ဗြိတိန်နိုင်ငံ ဆက်လက် ပါဝင်ခွင့် ရှိရေးလည်း အဆုံးသတ်သွား ပါလိမ့်မယ်။

အရင်က ဘယ်နိုင်ငံကမှ အီးယူကနေ ထွက်သွားခဲ့ တာမျိုး မရှိခဲ့ဖူးသေးတဲ့ အတွက် အီးယူကနေ ဘယ်ပုံ ဘယ်နည်း နုတ်ထွက်သွားနိုင်တယ် ဆိုတဲ့ အစီစဉ်တွေကိုလည်း ဘယ်သူကမှ တိတိကျကျ ပြောနိုင်တာ မရှိပါဘူး။