အနာဂတ် ဆက်ဆံရေး အခုအချိန်မှာ မဆွေးနွေးနိုင်

  • 29 မတ် 2017
Image caption ဘရက်ဇစ် သမားတွေ အောင်ပွဲခံ

ဥရောပ သမဂ္ဂအဖွဲ့ EU ထဲကနေ ဗြိတိန် နိုင်ငံ နုတ်ထွက်တဲ့ လုပ်ငန်းစဉ်နဲ့ တချိန်တည်း မှာပဲ ဆက်ဆံရေးသစ် ဘယ်လို ထူထောင် ထားရှိမလဲ ဆိုတာကိုလည်း တပြိုင်တည်း ဆွေးနွေးကြဖို့ ဗြိတိသျှ ဝန်ကြီးချုပ် ထရီဇာမေရဲ့ အစီအစဉ်ကို ဥရောပ ခေါင်းဆောင်တွေက ပယ်ချ လိုက်ပါတယ်။

၄၄ နှစ်ကြာ EU အဖွဲ့ဝင်အဖြစ် ရှိနေခဲ့တဲ့ ဗြိတိန်နဲ့ ဆက်ဆံရေးကို ဘယ်လို အဆုံးသတ် မလဲ ဆိုတာကို ပိုင်းဖြတ် ပြီးကာမှ အနာဂတ် အရေး စတင် စကား ပြောနိုင်မယ်လို့ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ်က ပြောပါတယ်။

ပြင်သစ် သမ္မတက ဖရန်ဆွာ အိုလန်းကလည်း ဗြိတိန်ကို EU ကနေ ထွက်လို့ ဆိုပြီး အပြစ်ပေးဖို့ မရည်ရွယ် ထားပေမယ့်၊ ဗြိတိန်ဟာ စီးပွားရေး အရတော့ အထိနာ လိမ့်မယ် ဆိုပြီး သတိပေး ပြောဆိုပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ထရီဇာမေဟာ လွတ်လပ်စွာ ကုန်သွယ်ရေး ဆိုတာနဲ့ လုံခြုံရေး ဆိုင်ရာ အစီအမံ ဆိုတဲ့ မတူတဲ့ အကြောင်းအရာ နှစ်ခုကို ဆက်စပ် ချင်နေတယ် ဆိုပြီး EU ရဲ့ အလှည့်ကျ ဥက္ကဌ နေရာကို ယူထားတဲ့ မော်လ်တာနိုင်ငံရဲ့ ဝန်ကြီးချုပ် ဂျိုးဆက်ဖ် မူစ်ကတ် က ဆိုပါတယ်။

ကုန်သွယ်ရေး ဆိုင်ရာ ဆွေးနွေးမှုကနေ ဘယ်လို ရလာဒ်မျိုး ထွက်လာသည် ဖြစ်စေ အကြမ်းဖက်ဝါဒ တိုက်ဖျက်ဖို့ကတော့ ဗြိတိန်ရော EU ရော လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် မူစ်ကတ် က မှတ်ချက် ချပါတယ်။

EU အဖွဲ့ဝင် အဖြစ်ကနေ နှုတ်ထွက်ပြီး နောက်မှာလည်း ဗြိတိန် အနေနဲ့ ကုန်သွယ်ရေး ဆိုင်ရာ အခွင့်အလမ်းနဲ့ အကျိုးအမြတ်တွေကို ဆက်လက် ထိန်းထား နိုင်လိမ့်မယ်လို့ ဝန်ကြီးချုပ် ထရီဇာမေက ဘီဘီစီကို ပြောပါတယ်။

EU ကနေ နှုတ်ထွက်မယ့် အကြောင်း မတ်လ ၂၉ရက်၊ ဗုဒ္ဓဟူးနေ့ မှာ ဗြိတိန် ဘက်က တရားဝင် အသိပေး လိုက်ပြီ ဖြစ်ပါတယ်။

ဥရောပရဲ့ တစ်ခုတည်းသော စျေးကွက်ထဲမှာ ဗြိတိန် အနေနဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့် ဆက်လက် ရရှိ စေနိုင်တဲ့ အပြန်အလှန် သဘောတူမှုမျိုး EU နဲ့ကြား ရရှိလိုတယ် ဆိုပြီး ဝန်ကြီးချုပ် မေက ဆိုပါတယ်။

EU ထဲက နုတ်ထွက်တဲ့ အသိပေး စာထဲမှာလည်း ဝန်ကြီးချုပ် မေက ဥရောပ စံတန်ဖိုးတွေကို အလေးထားကြောင်း ရေးသား ထားသလို၊ EU နဲ့ကြား နီးကပ်တဲ့ ဆက်ဆံရေး ဆက်လက် ထားရှိဖို့ အရေးကြီးပုံကို အထူးပြု ဖော်ပြ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ